“၄၈ နာရီအတွင်း ဝန်ကြီးချုပ်အသစ်ခန့်အပ်မည်ဟု ပြင်သစ်သမ္မတပြောကြား”
10 Oct
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် လာမည့် ၄၈ နာရီအတွင်း ဝန်ကြီးချုပ်သစ် ခန့်အပ်မည်ဟု အောက်တိုဘာလ ၈ ရက် တွင် ပြောသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် ယခုအချိန်တွင် အလျင်အမြန် ရွေးကောက်ပွဲ ခေါ်ယူခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၆ ရက်က ရာထူးမှနုတ်ထွက်သွားသည့် ဝန်ကြီးချုပ် ဆီဘက်စတီယန်းလီကော်နူး၏နေရာတွင် ဝန်ကြီးချုပ်အသစ် အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ က ပြောကြားလိုက်ခြင်းဖြစ်သည်။ လီကော်နူးသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်လပင် မပြည့်ဘဲ သမ္မတ မက်ခရွန်၏အစိုးရအဖွဲ့အောက်တွင် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ယမန်နှစ် ဇန်နဝါရီလမှစတင်၍ ရာထူးမှနုတ်ထွက်ခဲ့သည့် ပဉ္စမမြောက်ဝန်ကြီးချုပ်လည်း ဖြစ်ကြောင်း သိရသည်။ သမ္မတ၏တောင်းဆိုချက်အရ လီကော်နူးသည် ရာထူးမှနုတ်ထွက်ပြီးနောက် အတိုက်ခံများနှင့် ဆက်လက် ဆွေးနွေး ပြောဆိုခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၈ ရက်တွင် သမ္မတရုံး၏ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဆွေးနွေးပြောဆိုမှုများ၏ရလဒ်အပေါ် အခြေခံ၍ အတိုက်အခံပါတီအချို့ တောင်းဆိုနေသည့် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပရေးအတွက် ပါလီမန်ကို ဖျက်သိမ်းရန် သမ္မတအား ဖိအားပေးနိုင်သည်ဟု ပြင်သစ်မီဒီယာ တွင် ဖော်ပြထားသည်။ ဝန်ကြီးချုပ်အသစ် ခန့်အပ်ခြင်းဖြင့် ပြင်သစ်နိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းကို ကူညီ ဖြေရှင်းနိုင်မည် ဟုတ် မဟုတ် မသေချာသေးကြောင်း လေ့လာသူများက ပြောသည်ဟု NHK သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။