“ဂါဇာ ပဋိပက္ခကို အဆုံးသတ်စေမည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိ”

10 Oct

နှစ်နှစ်ကျော်ကြာ ဒုက္ခမျိုးစုံကို ခါးသီးစွာရင်ဆိုင်ခဲ့ရသည့် ဂါဇာဒေသ၌ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်စေမည့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာ အယ်စီစီ က အောက်တိုဘာလ ၉ ရက်တွင်ပြောသည်။ အီဂျစ်၊ ကာတာနှင့် အမေရိကန် ပြည်ထောင်စုတို့က ကမကထပြုထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားသော ငြိမ်းချမ်းရေးအစီအစဉ်အတိုင်း အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ရရှိခြင်းဖြစ်ကြောင်း အီဂျစ်သမ္မတက ပြောသည်။ အဆိုပါငြိမ်းချမ်းရေး အစီအစဉ်ကို ဆွေးနွေးနိုင်ရေးအတွက် ဟားမက်စ်နှင့်အစ္စရေးတို့ကြား သွယ်ဝိုက်သောအားဖြင့် ဆွေးနွေးမှုများကို အီဂျစ်နိုင်ငံ ရှမ်အယ်ရှိတ်မြို့၌ အောက်တိုဘာလ ၆ ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရက်အနည်းငယ် ကြာမြင့်သည့် တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် ဟားမက်စ်နှင့်အစ္စရေးတို့က ပထမအဆင့်ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူခြင်း ဖြစ်သည်။ ထိုပထမအဆင့် ငြိမ်းချမ်းရေးအစီအစဉ်တွင် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများနှင့် အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးရေးတို့ပါဝင်သည်။ တစ်ချိန်တည်းမှာပင် အဆိုပါငြိမ်းချမ်းရေးသဘောတူညီချက်သည် အစ္စရေးအစိုးရအဖွဲ့က အတည်ပြုပြီးနောက် စတင်အသက်ဝင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး က ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Oct

ADVERTISE HERE .