ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးလိပ်နှင့်ဆေးရွက်ကြီးအသုံးပြုမှု အလားအလာ အစီရင်ခံစာထုတ်ပြန်၊ e-cigarette များအား စောင့်ကြည့်ထိန်းချုပ်မှုကို မြှင့်တင်သင့်ဟု အလေးထားဖော်ပြ
09 Oct
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး အသုံးပြုမှုအလားအလာ နောက်ဆုံးအစီရင်ခံစာအရ တစ်ကမ္ဘာလုံး၌ ဆေးလိပ်သောက်သုံးသူ ဦးရေသည် လျော့နည်းလာလျက်ရှိသော်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီး၏ အန္တရာယ်သည် အဆုံးမသတ် သေးကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအား စွဲလမ်းမှုသည် တစ်ကမ္ဘာလုံးရှိ အရွယ်ရောက်သူလူဦးရေ ငါးပုံတစ်ပုံ ကို အနှောင့်အယှက်ဖြစ်နေဆဲဖြစ်ပြီး နှစ်စဉ်ကြိုတင်ကာကွယ်နိုင်သော သေဆုံးမှုသန်းချီ ဖြစ်ပေါ်စေကြောင်း၊ တစ်ချိန်တည်းတွင် e-cigarette သည်လည်း စွဲလမ်းမှုရေစီးကြောင်း အသစ်တစ်ကြိမ် ထပ်မံဖြစ်ပေါ်စေလျက်ရှိရာ စောင့်ကြည့်ထိန်းချုပ်မှုကို မြှင့်တင်သင့်ကြောင်း သိရသည်။ “ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ် တစ်ကမ္ဘာလုံး ဆေးလိပ်နှင့်ဆေးရွက်ကြီးအသုံးပြုမှု အလားအလာနှင့် ၂၀၂၅ ခုနှစ် - ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက် အစီရင်ခံစာ” အရ တစ်ကမ္ဘာလုံး၌ ဆေးလိပ် သောက်သုံးသူ လူဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် ၁,၃၈၀ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် သန်း ၁,၂၀၀ အထိ ကျဆင်း လာကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ ဆေးလိပ်သောက်သုံးသူ လူဦးရေသည် သန်း ၁၂၀ လျော့ကျသွားကြောင်း ဖော်ပြ ထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် က ကမ္ဘာ့နိုင်ငံအသီးသီး၏ ဆေးလိပ် သောက်သုံးမှုအား ထိန်းချုပ်ရန်ကြိုးပမ်းမှုကြောင့် လူဦးရေပေါင်းသန်းချီသည် ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် ဆေးလိပ်သောက်သုံးမှု မရှိတော့ခြင်းများရှိလာကြောင်း၊ သို့သော် ဆေးလိပ်နှင့်ဆေးရွက်ကြီးလုပ်ငန်းသည် နီကိုတင်း ထုတ်ကုန်ပုံစံအသစ်များ ထုတ်လုပ်လျက်ရှိကာ ၎င်းတို့ရည်ရွယ်သူများမှာ လူငယ်များဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အထက်ပါအစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံး၌ e-cigarette အသုံးပြုမှု အခြေအနေကို သုံးသပ်အကဲဖြတ်ခဲ့ရာ သက်ဆိုင်ရာအချက်အလက်များက လူကို ထိတ်လန့်စေသည်။ လက်ရှိတွင် တစ်ကမ္ဘာလုံး၌ e-cigarette အသုံးပြုသူဦးရေသည် သန်း ၁၀၀ ကျော်လာပြီဖြစ်ရာ ၎င်းအနက် အရွယ်ရောက်သူ ၈၆ သန်းထက် မနည်းနှင့် ၁၃ နှစ်မှ ၁၅ နှစ်ကြား လူငယ် ၁၅ သန်းခန့် ပါဝင်နေသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးလုပ်ငန်းသည် သမားရိုးကျဆေးပေါ့လိပ်သာမက e-cigarette၊ နီကိုတင်းအိတ် စသည့် ထုတ်ကုန်များဖြင့် လူများကို စွဲလမ်းလာစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ ထုတ်ကုန်များသည် ကျန်းမာရေးကို ထိခိုက်စေပြီး အထူးသဖြင့် လူငယ်အုပ်စု၏ကျန်းမာရေးကို အန္တရာယ်ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ နိုင်ငံအသီးသီးမှ အစိုးရများအနေဖြင့် ဆေးလိပ်ထိန်းချုပ်မှုကို မြှင့်တင်ရန်၊ “ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း(FCTC)” အား ဘက်စုံဖော်ဆောင်ရန်၊ လိုအပ်ချက်များအား ရှာဖွေဖြေရှင်းတားဆီးရန်၊ လူငယ်များ ဆေးလိပ်ဆေးရွက်ကြီး စွဲလမ်းမှုအား ကြိုတင် ကာကွယ်ရန်၊ e-cigarette စသည့် နီကိုတင်းထုတ်ကုန်ပုံစံအသစ်များအား စောင့်ကြည့်ထိန်းချုပ်မှုကို မြှင့်တင် ရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းခဲ့သည်။ (Source from Xinhua Myanmar)