အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ကလေးသူငယ် ၆၀,၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒုက္ခိတ ဖြစ်သွား ခဲ့ကြောင်း ယူနီဆက်ဖ် သတိပေး

09 Oct

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သော နှစ်နှစ်တာကာလကတည်းက စတင် တွက်ချက်ပါက ကလေးသူငယ် ၆၁,၀၀၀ ခန့် အသက်သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးကာ ဒုက္ခိတ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က သတိပေးပြောကြားလိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယူနီဆက်ဖ်အဖွဲ့ကြီး၏ ပြောရေးဆိုခွင့်ရှိသူ ရီကာဒိုပီရက်စ် က အချိန် ၁၇ မိနစ်လျှင် ကလေးငယ်တစ်ဦး အသတ်ခံရ သို့မဟုတ် ဒဏ်ရာ ရရှိနေကြသည်ဟူသော ကိန်းဂဏန်းအချက်အလက်များမှာ လက်ခံနိုင်စရာမရှိသလို ယုံကြည်နိုင်စရာလည်း မရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရပါ ကာလရှည်ကြာစွာ ထိခိုက်ခံစားနေရသော ကလေးများ၏ ဖြစ်ရပ်များအတွက် အံ့ဩတုန်လှုပ်မိကြောင်း၊ စိတ်ဒဏ်ရာရ စိုးရိမ်သောကရောက်စေပြီး ထိတ်လန့်ဖွယ်ရာ အနိဋ္ဌာရုံများစွာ ရှိနေသည့်နေရာများကို မည်သည့်ကလေးငယ်အနေဖြင့် မမြင်သင့်မမြင်အပ် သို့မဟုတ် နေထိုင် ရခြင်းလည်း မရှိသင့်ကြောင်း ပီရက်စ် က ပြောကြားခဲ့သည်။ ဂါဇာစီးတီးတွင် ကလေး ၅ ဦးမွေးဖွားတိုင်း တစ်ဦးမှာ လမစေ့ဘဲမွေးဖွားလာခြင်းဖြစ်သော်လည်း ၎င်းတို့ အသက်ရှင်သန်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများမှာ နယ်မြေအတွင်း မရှိသလောက် နည်းပါးသလို ကလေးငယ်များမှာ အသက်ဆက်ရှင်သန်နိုင်ရန် အောက်ဆီဂျင်ရှူရသည့် မျက်နှာဖုံးများကိုပင် မျှဝေအသုံးပြုနေရသည့် သတင်းများကိုလည်း ပီရက်စ် က အလေးထားထောက်ပြခဲ့သည်။ ဂါဇာရှိ ၎င်းတို့၏အဖွဲ့များအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှ ဘေးလွတ်ရာသို့ ရှောင်တိမ်း လာကြသော လမစေ့ဘဲမွေးလာသည့် ကလေးငယ်များအတွက် လိုအပ်သည့်အပူပေးစက်များနှင့် အသက်ရှူစက် များ ယူဆောင်ခွင့်ရရန်အတွက် ခွင့်ပြုမည့်အချိန်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်းလည်း ယူနီဆက်ဖ်က အလေးပေးပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာတိမ်းရှောင်ဖို့လိုအပ်တဲ့ ဆေးရုံကနေ အခြား ဆေးရုံဆီ နေရာရွှေ့ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လမစေ့ဘဲမွေးလာတဲ့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ အပူပေးစက်တွေကို နေရာရွှေ့နိုင်ဖို့အတွက်တော့ ခွင့်ပြုချက်မရသေးဘဲ အခုချိန်ထိ ငြင်းပယ်ခံနေရဆဲ ဖြစ်ပါတယ်” ဟု ပီရက်စ် က ပြောကြားခဲ့သည်။ (Source from Xinhua Myanmar)

09 Oct

ADVERTISE HERE .