ဂါဇာပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ အမေရိကန်က အစ္စရေးအား ပေးအပ်ခဲ့သည့် စစ်ရေးအကူအညီပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော်ရှိကြောင်း လေ့လာမှုအရ သိရှိရ

09 Oct

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၌ ဂါဇာပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရက နှစ်နှစ်အတွင်း အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၇ ဘီလီယံ အသုံးပြုခဲ့ကြောင်း အောက်တိုဘာလ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် လေ့လာတွေ့ရှိချက်များအရ သိရသည်။ ဘရောင်းတက္ကသိုလ် ဝပ်ဆန် နိုင်ငံတကာနှင့် ပြည်သူ့ရေးရာ အင်စတီကျု၏ Costs of War Project က ပြုလုပ်ခဲ့သည့် လေ့လာမှု၌ ဘိုင်ဒန်အစိုးရ လက်ထက်တွင်ရော ထရမ့်အစိုးရ လက်ထက်တွင်ပါ နောက်ထပ် ဒေါ်လာဘီလီယံဆယ်ချီသည့် စစ်လက်နက်ရောင်းချမှုများနှင့်အတူ လာမည့်နှစ်များအတွင်း ငွေပေးချေသွားမည့် စစ်လက်နက်နှင့် ဆက်စပ်ဝန်ဆောင်မှုများအတွက် သဘောတူညီချက်များနှင့် ပတ်သက်၍ ကတိကဝတ်ပြုခဲ့ ကြောင်း ဖော်ပြထားသည်။ အမေရိကန်က ထောက်ပံ့ထားသည့် စစ်လက်နက်များမှာ အစ္စရေးကာကွယ်ရေးတပ်(IDF)နှင့် အစ္စရေးရဲတပ်ဖွဲ့အနေဖြင့် ဂါဇာ၊ အနောက်ဘက်ကမ်းနှင့် အခြားဒေသများတွင် စစ်ဆင်ရေးများ လုပ်ဆောင်ရာ၌ အဓိကကျလျက်ရှိသည်။ ဂါဇာနှင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှား၌ အစ္စရေးက လက်ရှိအသုံးပြုနေသည့် စစ်လက်နက်အများစုမှာ ၎င်းတို့၏လက်ကျန် အမေရိကန်ထုတ် စစ်လက်နက်ပစ္စည်းများထဲမှဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Quincy Institute for Responsible Statecraft Think Tank အဖွဲ့နှင့် ပူးတွဲပြုလုပ်ခဲ့သည့် အဆိုပါလေ့လာမှုအရ သိရသည်။ လက်ရှိနှင့် အနာဂတ်ငွေကြေးသုံးစွဲမှု အတိုင်းအတာကို ထောက်ရှုပါက IDF အနေဖြင့် အမေရိကန်၏ ငွေကြေးအထောက်အပံ့၊ စစ်လက်နက်နှင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးမှုတို့ မရှိဘဲ ဂါဇာဒေသတွင် ဤမျှလောက် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားအောင် လုပ်ဆောင်နိုင်မည်မဟုတ်သလို ဒေသတွင်း၌လည်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နိုင်ဖွယ်မရှိသည်မှာ ပေါ်လွင်ထင်ရှားနေသည်ဟု ယင်းလေ့လာမှု၌ ဖော်ပြထားသည်။ အမေရိကန်အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည့် သို့မဟုတ် ယင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ယီမင်နှင့် ဒေသတွင်း၌ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၅ ဘီလီယံမှ ၁၂ ဒသမ ၀၇ ဘီလီယံအထိ ထပ်မံအသုံးပြုခဲ့ကြောင်း နောက်ဆက်တွဲ အစီရင်ခံစာတစ်စောင်၌ ခန့်မှန်းဖော်ပြထားသည်။ သို့ဖြစ်၍ လွန်ခဲ့သော နှစ်နှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ အသုံးစရိတ်ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၃၅ ဘီလီယံမှ ၃၃ ဒသမ ၇၇ ဘီလီယံအထိရှိခဲ့ကာ ထိုပမာဏမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ယင်းလေ့လာမှုအရ သိရသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ အစောပိုင်းအထိ ဂါဇာဒေသတွင် စုစုပေါင်းသေဆုံးသူ ၆၇,၀၇၅ ဦး၊ ဒဏ်ရာရရှိသူ ၁၆၉,၄၃၀ ဦး ရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုကဲ့သို့ သေဆုံး/ဒဏ်ရာရသူ အရေအတွက်ဖြစ်သည့် ၂၃၆,၅၀၅ ဦးမှာ စစ်ပွဲမတိုင်မီက ဂါဇာလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ကျော်နှင့် ညီမျှကြောင်း Costs of War Project က ဆိုသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ ဂါဇာ၊ အီရန်၊ အစ္စရေး၊ လက်ဘနွန်နှင့် အနောက်ဘက်ကမ်း တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၅ ဒသမ ၂၇ သန်းထက်မနည်း ရှိခဲ့ကာ ၎င်းတို့အနက် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁ ဒသမ ၈၅ သန်းခန့် ပါဝင်ကြောင်း သိရသည်။ ပုဂ္ဂလိကကန်ထရိုက်တာများ အနေဖြင့်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနထံမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ တန်ကြေးရှိသည့် ကန်ထရိုက်စာချုပ်များကို ရရှိခဲ့ရာ ထိုပမာဏမှာ ပင်တဂွန် စစ်ဌာနချုပ်၏ လိုအပ်သလို အသုံးပြုနိုင်သော အသုံးစရိတ်ပမာဏဖြစ်သည့် ဒေါ်လာ ၄ ဒသမ ၄ ထရီလီယံ၏ ၅၄ ရာခိုင်နှုန်းခန့် ရှိသည်ဟု Costs of War Project ၏ အဆိုအရ သိရသည်။ (Source from Xinhua Myanmar)

09 Oct

ADVERTISE HERE .