တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ကမ္ဘာ့အမြင့်ဆုံးတံတားကြီးအား အများပြည်သူ ကူးလူးသွားလာနိုင်ရန်ဖွင့်လှစ်

09 Oct

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကမ္ဘာ့အမြင့်ဆုံးတံတားကြီးအား အများပြည်သူ ကူးလူးသွားလာနိုင်စေရန်အတွက် စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ပေးခဲ့သည်။ မတ်စောက်သောလျှိုမြောင်အား ဖြတ်သန်းတည်ဆောက်ထားသည့် အဆိုပါတံတားကြီးအား သုံးနှစ်ကြာ တည်ဆောက်ပြီးစီးခဲ့ပြီးနောက် ဖြတ်သန်းသွားလာကြာချိန်ကို နှစ်နာရီမှ နှစ်မိနစ်သို့ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ ကွေ့ကျိုးပြည်နယ်၏ တောင်ထူထပ်သောအရပ်ရှိ ပေဖန်မြစ်၏အထက် ၆၂၅ မီတာအမြင့်၌ တည်ရှိသည့် ဟွားကျန်းလျှိုမြောင် အထူးတံတားမှာ ဆန်ဖရန်စစ္စကိုမြို့ရှိ Golden Gate တံတားထက် ကိုးဆနီးပါး ပိုမြင့်ကြောင်း သိရသည်။ ပင်မခန်းဖွင့် ၁,၄၂၀ မီတာရှိသော အဆိုပါတံတားတည်ဆောက်မှု စီမံကိန်းမှာ တောင်ထူထပ်သော မြေမျက်နှာသွင်ပြင်၌ တည်ရှိသည့် ကမ္ဘာ့အရှည်ဆုံး သံမဏိရက်မကြိုးတံတား ဖြစ်လာခဲ့သည်ဟု ကွေ့ကျိုး ပြည်နယ် တာဝန်ရှိသူများကဆိုသည်။ “ကမ္ဘာမြေကြီး၏ အက်ကြောင်း” ဟု ခေါ်ဝေါ်လေ့ရှိသည့် ဟွားကျန်းလျှိုမြောင်အား ဖြတ်သန်းတည်ဆောက် ထားသော ၂,၈၉၀ မီတာ ရှည်လျားသည့် အဆိုပါတံတားမှာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ၏ အခြေခံအဆောက်အအုံကွန်ရက်အား အလျင်အမြန်ချဲ့ထွင်နေခြင်းကို လတ်တလော ဖြည့်စွက်မှုလည်းဖြစ်သည်။ ပေဖန်မြစ်ကိုဖြတ်၍ တည်ဆောက်ထားသော ယခင်ကမ္ဘာ့အမြင့်ဆုံးတံတားမှာ ဟွားကျန်းလျှိုမြောင် အထူးတံတားနှင့် ကီလိုမီတာ ၁၀၀ ခန့်အကွာ၌ တည်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးအဖြစ် ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ယခင်က စံချိန်တင်ခဲ့သည့် တံတား၏ တံတားကြမ်းခင်းနှင့် အောက်ဘက်ရှိ မြစ်ရေပြင်အကြား ဒေါင်လိုက်အကွာအဝေးမှာ ၅၆၅.၄ မီတာရှိကြောင်း သိရသည်။ “ဒေသအချင်းချင်း ကူးလူးဆက်သွယ်မှုကို ကြီးကြီးမားမား မြှင့်တင်ပေးမယ့် ဒီတံတားသစ်ကြီးဟာ တရုတ်နိုင်ငံရဲ့ ဆန်းသစ်တီထွင်မှုကို ပေါ်လွင်ထင်ရှားစေတဲ့ အထင်ကရစီမံကိန်းတစ်ခုဖြစ်တယ်” ဟု ကွေ့ကျိုး ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာန အကြီးအကဲ Zhang Yin က ဆိုသည်။ ဤတံတားကြီးမှာ လေဒဏ်ခံနိုင်သည့် ဒီဇိုင်းပုံစံနှင့် အလွန်မြင့်မားသောအရပ်၌ တံတားတည်ဆောက်ခြင်း တို့တွင် နည်းပညာပိုင်းအရ အရေးပါသော တိုးတက်မှုများစွာရရှိခဲ့ကာ ခွင့်ပြုမူပိုင်ခွင့် ၂၁ ခု ရရှိခဲ့ကြောင်း၊ ယင်း၏ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကိုလည်း နိုင်ငံလုံးဆိုင်ရာ တံတားတည်ဆောက်ရေး စံချိန်စံညွှန်းများ ထဲသို့ ထည့်သွင်းခဲ့ကြောင်း Zhang က ဆက်လက်ပြောကြားခဲ့သည်။ တံတားတည်ဆောက်ရေးအဖွဲ့မှာ ‌ဆောက်လုပ်ရေးလုပ်ငန်းစဉ် စတင်ချိန်ကတည်းကပင် လျှိုမြောင် ကြီးအား ဖြတ်သန်းတည်ဆောက်ရသည့်အတွက် ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခဲ့ရသည်။ ၎င်းတို့အနေဖြင့် ဂြိုဟ်တုလမ်းညွှန်စနစ်၊ ဒရုန်း၊ စမတ်နည်းပညာဖြင့် စောင့်ကြည့်ရေးစနစ်၊ တောင့်တင်းခိုင်မာမှု အလွန်ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းစသည့် နည်းပညာသစ်များကို ထိထိရောက်ရောက် အသုံးချခြင်းဖြင့် အလွန်မြင့်မားသောအရပ်၌ တည်ဆောက်မှုများလုပ်ဆောင်ရာတွင် ခြွင်းချက်မရှိ တိကျမှန်ကန်မှုရှိအောင် လုပ်ဆောင်နိုင်ခဲ့ကာ တစ်ချိန်က ဖြတ်သန်းသွားလာရန်မဖြစ်နိုင်သည့် သဘာဝအတားအဆီးတစ်ခုအား သယ်ယူ ပို့ဆောင်ရေးစင်္ကြံအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ကွေ့ကျိုး ပြည်နယ်၏ တောင်ထူထပ်သော အရပ်ဒေသများတွင် တံတားအစင်းရေ ၃၀,၀၀၀ ကျော်အား တည်ဆောက် ပြီးစီးခဲ့ကာ ယင်းတို့အနက် ကမ္ဘာ့အမြင့်ဆုံး တံတားသုံးစင်း ပါဝင်လျက်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးတံတား အစင်း ၁၀၀ အနက် ထက်ဝက်နီးပါးမှာ ကွေ့ကျိုးပြည်နယ်၌ တည်ရှိနေခြင်းဖြစ်သည်။ ကွေ့ကျိုးပြည်နယ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် တံတားများနှင့် တည်ဆောက်ဆဲတံတားများ၏ စုစုပေါင်းအလျားမှာ ယခုဆိုလျှင် ကီလိုမီတာ ၅,၄၀၀ ကျော်ရှိနေပြီဖြစ်ရာ တရုတ်နိုင်ငံ၏ မြောက်ပိုင်းမှ တောင်ပိုင်း အထိ အကွာအဝေးနီးပါး ရှိနေကြောင်း သိရသည်။ (Source from Xinhua Myanmar)

09 Oct

ADVERTISE HERE .