အမေရိကန်က ယူကရိန်းသို့ တိုမာဟော့ဒုံးကျည်များ ထောက်ပံ့လျှင် ရုရှား-အမေရိကန် ဆက်ဆံရေး ပျက်စီးစေမည်
09 Oct
အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ တိုမာဟော့ဒုံးကျည်များကို ထောက်ပံ့ပေးမည်ဆိုပါက ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်မရနိုင်သော ပျက်စီးမှုကြီးဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ရှင်းရှင်းလင်းလင်းပြောထားသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက အောက်တိုဘာလ ၈ ရက်တွင်ပြောသည်။ မာရီယာဇာခါရိုဗာ က ရုရှားသမ္မတကိုယ်တိုင်ကလည်း အတိအလင်းပြောပြီးဖြစ်သလို ၎င်းတို့အနေနဲ့လည်း ထပ်မံပြောဆိုလိုသည်မှာ အမေရိကန်က ယူကရိန်းကို တိုမာဟော့ဒုံးကျည်များ ထောက်ပံ့ပေးသွားရန် ဆုံးဖြတ် လိုက်မည်ဆိုပါက အဆိုပါဆုံးဖြတ်ချက်သည် ထိပ်တိုက်တွေ့ဆုံမှုအခြေအနေကို ပိုမိုဆိုးရွားစေရုံသာမကဘဲ ပြန်လည်နွေးထွေးလာခါစသာရှိသေးတဲ့ နှစ်နိုင်ငံကြားဆက်ဆံရေးကိုပါ ပြန်ပြင်လို့မရအောင် ပျက်စီးသွားစေမှာ ဖြစ်သည်ဟု ပြောထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်းနိုင်ငံသို့ရောက်ရှိမည့် တိုမာဟော့ဒုံးကျည်များကို ဥရောပ နိုင်ငံများသို့ ရောင်းချမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားထားကြောင်း ထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်နိုင်သည့် တိုမာဟော့ဒုံးကျည်များကို ယူကရိန်းက အမေရိကန်ထံမှ တောင်းဆိုထားခြင်းဖြစ်ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။