“နီပေါနှင့်အိန္ဒိယနိုင်ငံတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် လူဒါဇင်နှင့်ချီသေဆုံး”
08 Oct
နီပေါနှင့် အိန္ဒိယနိုင်ငံတို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။ အောက်တိုဘာလ ၄ ရက်ကတည်းက ခတ္တမန္ဒူအပါအဝင် နီပေါနိုင်ငံဒေသ အများ အပြား၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ နီပေါနိုင်ငံ သဘာဝဘေးအန္တရာယ်အာဏာပိုင်အဖွဲ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူ ၄၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အမြောက်အမြား ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ သို့သော်လည်း လမ်း၊တံတားများနှင့် အိမ်များရေလွှမ်းမိုး နစ်မြုပ်လျက်ရှိသောကြောင့် ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်ကြုံလျက် ရှိကြောင်း သိရသည်။ မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သောကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ထားရန် နီပေါအစိုးရက တိုက်တွန်းထားသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မြေပြိုခြင်းနှင့် တခြားသဘာဝဘေး အန္တရာယ်များကြောင့် အနောက်ဘင်္ဂလားပြည်နယ် ဒါဂျီလင်၌ လူ ၂၀ ခန့် သေဆုံးခဲ့ကြောင်း ဒေသမီဒီယာတွင် ဖော်ပြသည်။ တောင်အာရှတွင် မိုးရာသီကာလမှာ ဇွန်လမှစက်တင်ဘာလ အထိ ဖြစ်သည်။ ဒေသတွင်းနိုင်ငံများတွင် မကြာသေးမီနှစ်များအတွင်း ရေကြီးခြင်းနှင့် တခြားသဘာဝဘေးအန္တရာယ် များကြောင့်ဆိုးရွားသည့် သဘာဝဘေးဒုက္ခများကို နှစ်စဉ်ရင်ဆိုင်နေရသည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။