“အစ္စရေးနှင့် ဟားမားစ်တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် မကြာမီရရှိမည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတပြော”

08 Oct

ဂါဇာငြိမ်းချမ်းရေးအစီအစဉ်တွင် ပါဝင်သောအချက် ၂ဝ ကို အခြေခံ၍ အစ္စရေးနှင့်ဟားမတ်စ်တို့သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်တစ်ခု မကြာမီရရှိနိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်။ သဘောတူညီချက်တစ်ခုပြုလုပ်ရန် ကောင်းမွန်သည့် အခွင့်အလမ်း တစ်ခုရှိပြီး အဆိုပါသဘောတူညီချက်သည် ရေရှည်ခိုင်မြဲသည့် သဘောတူညီချက်တစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း သမ္မတ ထရမ့် က အောက်တိုဘာလ ၆ ရက်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ ဟားမတ်စ် က ကျေနပ်စွာတုံ့ပြန်ခဲ့ပြီး ယင်းပုံစံအတိုင်း ဆက်လက်တည်ရှိနေဦးမည်ဟုလည်း ၎င်းက ပြောကြားသည်။ အစ္စရေးနှင့် ဟားမတ်စ်တို့သည် အီဂျစ်တွင် အောက်တိုဘာလ ၆ ရက်က သွယ်ဝိုက်ဆွေးနွေးမှုများ စတင်ခဲ့သည်။ အီဂျစ်သည် အစ္စရေးနှင့်ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲတွင် ဓားစာခံများလွှတ်ပေးရေး၊ အစ္စရေးတပ်ဖွဲ့ တချို့တဝက် ဆုတ်ခွာပေးရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဟု ယုံကြည် ရသည်။ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေသော်လည်း လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးတို့၏တိုက်ခိုက်မှု ကြောင့် လူ ၂၁ ဦး သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးအရာရှိများက စက်တင်ဘာလ ၆ ရက်တွင် ပြောကြား လိုက် သည်။ အစ္စရေးကို ဟားမတ်စ်က စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၁,၂၀၀ ခန့်သေဆုံးပြီး တခြား ၂၅၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်မှာ အောက်တိုဘာလ ၇ ရက်ဆိုလျှင် နှစ်နှစ်ပြည့်ပြီဖြစ်သည်။ ဟားမတ်စ် တို့သည် ဓားစာခံ ၄၈ဦးကို မလွှတ်ပေးသေးကြောင်း သိရသည်။ အစ္စရေးသည် ဂါဇာ၌ စစ်ဆင်ရေးများဆောင်ရွက်ခြင်းကြောင့် လူဦးရေ ၆၇,၀၀၀ ကျော်သေဆုံးခဲ့သည်။ ထို့ပြင် အာဟာရချို့တဲ့မှုနှင့် အခြားအချက်များကြောင့် လူပေါင်း ၄၆၀ သေဆုံးခဲ့ကြောင်းသိရသည်။ ယခုအချိန်တွင် ဂါဇာကမ်းမြောင်ဒေသသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Oct

ADVERTISE HERE .