ပဲလေ့စ်အသင်း ရှုံးပွဲမရှိစံချိန်ရပ်တန့်
06 Oct
ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပဲလေ့စ်အသင်းတို့ပွဲစဉ်မှာ အဲဗာတန် အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် နိုင်ပွဲရခဲ့တာကြောင့် ပဲလေ့စ်အသင်းရဲ့ ပြိုင်ပွဲစုံ ၁၉ ပွဲဆက် ရှုံးပွဲမရှိစံချိန် ရပ်တန့် ခဲ့ရပါတယ်။ ပဲလေ့စ်အသင်းဟာ နည်းပြ ဂလက်စ်နာ လက်အောက်မှာ ခြေစွမ်းပိုင်းတည်ငြိမ်လာခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ ဧပြီလ ၁၉ ရက်က ကစားခဲ့သည့် ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှစတင်ကာ ယခုနှစ်ဘောလုံးရာသီ ကွန်မြူနတီဒိုင်း ပွဲစဉ်အပါအဝင် အမှတ်ပေးပွဲနှင့် ကွန်ဖရင့်လိဂ်ပြိုင်ပွဲတို့တွင် ၁၉ ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ပွဲစဉ်၌ တန်ပြန်တိုက်စစ်မှတစ်ဆင့် ပဲလေ့စ်အသင်းမှ မူနို့ဇ် က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး နှစ်သင်းစလုံး အပြန်အလှန်ဖိအားပေးမှုများ ရှိခဲ့ပါတယ်။ ပွဲကစားချိန် ၇၆ မိနစ်တွင် အဲဗာတန်အသင်းမှ အန်ဒီရီ က ပင်နယ်တီမှ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးက ပြိုင်ပွဲကိုထိန်းချုပ်ရန် ကြိုးပမ်းခဲ့ရာ ပဲလေ့စ်အသင်းခံစစ် ပိုင်း အားနည်းခဲ့သဖြင့် ပွဲချိန်မိနစ် ၉၀ ကျော်တွင် ဂရီးလစ်ရှ် က ဦးဆောင်ဂိုးသွင်းယူခဲ့တာကြောင့် ပဲလေ့စ်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။(NVS 008)