“ရိုဒရီ က ကြံ့ခိုင်မှု မပြည့်ဝသေးဟု ဆိုတဲ့ ဂွါဒီယိုလာ”
05 Oct
ပြီးခဲ့တဲ့ဘောလုံးရာသီက ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရတဲ့ ကွင်းလယ်ကစားသမား ရိုဒရီ ရဲ့ ကြံ့ခိုင်မှုက ပွဲတွေဆက်တိုက် ကစားနိုင်တဲ့အထိ မပြည့်ဝသေးဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပြောကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်လူ ရိုဒရီဟာ စက်တင်ဘာလ ၂၂ ရက်က ကစားတဲ့ အာဆင်နယ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ကစားခဲ့ပေမယ့် အဲ့ဒီပွဲပြီးနောက် ကစားခဲ့တဲ့ ဟက်ဒါဖီး၊ ဘန်လေအသင်း တို့နဲ့ပွဲတွေမှာ ပါဝင်ကစားနိုင်ခြင်းမရှိသလို ကြားရက်မှာ ကစားခဲ့တဲ့ မိုနာကိုအသင်းနဲ့ပွဲမှာလည်း ၆၁ မိနစ်သာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီ အနေနဲ့ ပွဲစဉ်တိုင်းကို ပါဝင်ကစားနိုင်ခြင်းမရှိတာက ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘဲ ကြံ့ခိုင်မှုအားနည်းနေတဲ့ အခြေအနေကြောင့် ဖြစ်တယ်လို့ နည်းပြဂွါဒီယိုလာက ဖြေရှင်းသွားပါတယ်။ ကာလရှည်နားနေခဲ့ရတဲ့ ကစားသမားတစ်ယောက်အတွက် တစ်ပါတ်ကို ၃ ပွဲလောက်အထိ ကစားနိုင်တဲ့ ကြံ့ခိုင်မှု ပုံစံ ပြန်ရဖို့က အချိန်ယူရမှာဖြစ်ပြီး ရိုဒရီရဲ့ ဒဏ်ရာကအခုဆိုရင် လုံးဝကိုပျောက်ကင်းနေပြီဖြစ်ပါတယ်လို့ နည်းပြ ဂွါဒီယိုလာက ရှင်းပြသွားပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် အောက်တိုဘာ ၅ ရက်မှာ ဘရန့်ဖို့ဒ်အသင်း အိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး ရိုဒရီ ရဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ အသုံးပြု၊မပြုဆိုတာ ဆုံးဖြတ် သွားမှာဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)