၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘောဒီးယားနိုင်ငံ အန်ကောရှေးဟောင်းဥယျာဉ်သို့ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုပမာဏ မြင့်တက်လာ
03 Oct
ကမ္ဘောဒီးယားနိုင်ငံ၏ ကျော်ကြားထင်ရှားလှသော အန်ကောရှေးဟောင်းဥယျာဉ်သို့ လာရောက် လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၂၅ ခုနှစ် ပထမ ၉ လတာ ကာလအတွင်း ၆၂,၅၅၉ ဦးရှိခဲ့ပြီး ယမန်နှစ်အလားတူကာလ၌ လာရောက်လည်ပတ်ခဲ့သည့် ၅၅,၄၄၀ ဦးနှင့် နှိုင်းယှဉ်ပါက ၁၂.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင် ခံစာအရ သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အန်ကောရှေးဟောင်းဥယျာဉ်သို့ လာရောက်လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ဦးရေမှာ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများမှ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် များပြီးလျှင် စတုတ္ထအများဆုံးပမာဏဖြစ်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရပိုင် အန်ကောလုပ်ငန်း၏ ထုတ်ပြန်ချက် အရ သိရသည်။ သို့ရာတွင် ယခုနှစ် စက်တင်ဘာလအတွင်း အန်ကောရှေးဟောင်းဥယျာဉ်သို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များထဲတွင်မူ တရုတ်ခရီးသွားဧည့်သည်များက အရေအတွက်အများဆုံးဖြင့် နံပါတ် ၁ နေရာတွင်ရှိခဲ့ကာ အားလပ်ရက်ခရီးထွက်လာသည့် တရုတ်ခရီးသွားဧည့်သည် ၄,၈၁၃ ဦးက အန်ကော ရှေးဟောင်းဥယျာဉ်သို့ လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖနွမ်းပင်တော်ဝင်တက္ကသိုလ် နိုင်ငံတကာလေ့လာမှုနှင့် ပြည်သူ့ရေးရာမူဝါဒအင်စတီကျုမှ ကထိက တစ်ဦးဖြစ်သူ Thong Mengdavid က ၂၀၂၅ ခုနှစ် ကမ္ဘာဒီးယား-တရုတ် ခရီးသွားနှစ်က အန်ကော ရှေးဟောင်း ဥယျာဉ်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည်ဦးရေ တိုးတက်လာစေရန် အထောက်အကူဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ “နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကမ်ပိန်းတွေကို ပရိုမိုးရှင်းလုပ်ဆောင်မှု၊ တိုက်ရိုက်လေကြောင်း ချိတ်ဆက်နိုင်မှုနဲ့ အုပ်စုလိုက်ခရီးစဉ် စီစဉ်ပေးနိုင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်အောင် တွန်းအားပေး လှုံ့ဆော်မှုကြောင့် ကမ္ဘောဒီးယားကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွား ၂၀၂၅ ခုနှစ် အရေအတွက်က ဒီနှစ်တစ်လျှောက်လုံးနဲ့ ဒီနှစ်အလွန်ကာလတွေမှာလည်း ဆက်ပြီးမြင့်တက်လာဦးမယ်လို့ ကျွန်တော် ယုံကြည် ပါတယ်” ဟု ကထိက Mengdavid က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်း၊ ဆီရမ်ရိ(ပ်) ပြည်နယ်တွင်တည်ရှိပြီး ဧရိယာ ၄၀၁ စတုရန်း ကီလိုမီတာကျယ်ဝန်းသော အန်ကောရှေးဟောင်းဥယျာဉ်မှာ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၏ ရေပန်းစား လူကြိုက် အများဆုံး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာနေရာဖြစ်ပြီး ဥယျာဉ်အတွင်း၌ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်း တည်ရှိသည်။ အန်ကောရှေးဟောင်းဥယျာဉ်မှာ ယခုနှစ် ပထမ ၉ လတာကာလအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၁၇၁ ခုမှ ပြည်ပ ခရီးသွားဧည့်သည်ပေါင်း ၇၀၅,၂၆၉ ဦးကို ဆွဲဆောင်နိုင်ခဲ့သလို ဥယျာဉ်ဝင်ခွင့်လက်မှတ် ရောင်းချမှုမှ ရရှိသည့် စုစုပေါင်းဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၃၂.၇ သန်းအထိရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။