ဂါဇာအရေးတွင် အမေရိကန် ဗီတိုအာဏာအလွဲသုံးသည့်အပေါ် တရုတ်နိုင်ငံက အလွန်စိတ်ပျက် ဝမ်းနည်းမိကြောင်းပြောကြား
03 Oct
အကယ်၍ အမေရိကန်က ဗီတိုအာဏာကို အကြိမ်ကြိမ်အသုံးမပြုခဲ့လျှင် ဂါဇာအကျပ်အတည်းအပေါ် လုံခြုံရေးကောင်စီ၏ ကိုင်တွယ်မှုက ဤမျှမကျေနပ်ဖွယ် ဖြစ်မည်မဟုတ်ကြောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် လုံခြုံရေးကောင်စီ ဂါဇာအရေးဆုံးဖြတ်ချက်မူကြမ်းအား အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချလိုက်သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်စိတ်ပျက်ဝမ်းနည်းမိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး က နိုဝင်ဘာလ ၁ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ ဗီတိုအာဏာအသုံးပြုမှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ဂါဇာပဋိပက္ခ ပေါက်ကွဲဖြစ်ပွားပြီး ၂ နှစ်နီးပါးကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရမှုနှင့် လူသားချင်းစာနာထောက်ထားမှုကပ်ဘေး ဖြစ်ပွားခဲ့ရာ လူ့အသိစိတ်နှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အောက်ခြေစည်းမျဉ်းကို ထိုးဖောက်ခဲ့ကြောင်း ဖုချုံး က ပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းက အပစ်ရပ်၊ တိုက်ပွဲရပ်ရေး တိုက်တွန်းသံများ သောင်ပြိုကမ်းပြို အစောကြီးကတည်းက ရှိနေပြီး လုံခြုံရေးကောင်စီက အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အမေရိကန်၏ အတင်းအဓမ္မတားဆီးမှုကို တစ်ကြိမ်ပြီး တစ်ကြိမ် ခံခဲ့ရကြောင်း၊ အကယ်၍ အမေရိကန်က အစ္စရေးအပေါ် အစဉ်အမြဲ တစ်ဖက်သတ်အကာအကွယ် ပေးခြင်းမရှိပါက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် နိုင်ငံတကာဥပဒေသည်လည်း ယခုကဲ့သို့ အထိန်းအကွပ်မဲ့ ချိုးဖောက်ခံရမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စစ်ရေးနည်းလမ်းသည် ပြဿနာဖြေရှင်းသည့် ထွက်လမ်းမဟုတ်သလို မိမိ၏လုံခြုံရေးသည် အခြား နိုင်ငံ၏ မလုံခြုံမှုပေါ်တွင် တည်ဆောက်၍မရသည်ကို သမိုင်းက အစောကြီးကတည်းက အကြိမ်ကြိမ် သက်သေပြပြီးဖြစ်ကြောင်း ဖုချုံး က ထောက်ပြပြောကြားခဲ့သည်။ ဂါဇာရှိ စစ်ရေးလှုပ်ရှားမှုအားလုံး ချက်ချင်းရပ်တန့်ရန်၊ ဂါဇာစီးတီးအား လက်လွှဲယူမည့် အန္တရာယ် များသော အစီအစဉ်ကို ချက်ချင်းရပ်တန့်ရန် အစ္စရေးကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။ လူလုပ်ဆောင်သည့် ပိတ်ဆို့မှုအောက်တွင် ဂါဇာသည် မကြုံစဖူး လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးများ ဖြစ်ပွားလျက်ရှိကြောင်း ဖုချုံး က ပြောကြားခဲ့သည်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းများအား လက်နက်အသွင်ပြောင်းခြင်းကို လက်မခံသလို စစ်ရေးအသွင် အထောက်အပံ့ပစ္စည်းများ ခွဲဝေမှု ယန္တရားကို လက်မခံဘဲ အထောက်အပံ့ပစ္စည်းများရှာဖွေနေသည့် အရပ်သားပြည်သူများနှင့် လူသားချင်းစာနာမှု လုပ်ငန်း လုပ်ကိုင်နေသူများအပေါ် တိုက်ခိုက်ခြင်းကို လက်မခံကြောင်း၊ အစ္စရေးအနေဖြင့် သိမ်းပိုက်သူဘက်က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်၊ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများအား ဘက်စုံပြန်လည်ဝင်ရောက်စေရန်၊ ကုလသမဂ္ဂစသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းဌာနများ၏ ကူညီဆောင်ရွက်မှုများကို ထောက်ခံအားပေးရန် တရုတ်နိုင်ငံက ထပ်မံအလေးထားပြောကြားခဲ့သည်။ နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်းသည် ပါလက်စတိုင်းအရေး ဖြေရှင်းနိုင်သည့် တစ်ခုတည်းသောထွက်ပေါက် ဖြစ်ကြောင်း ဖုချုံး က အလေးထား ပြောကြားခဲ့သည်။ ဂါဇာနှင့် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းသည် ပါလက်စတိုင်း၏ ခွဲခြားမရသော နယ်မြေပိုင်နက် ဖြစ်ကြောင်း၊ မည်သည့်စစ်ပွဲအလွန် စီမံခန့်ခွဲမှုနှင့် ပြန်လည်တည်ဆောက်မှုအစီအစဉ်မဆို ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ရေးအခြေခံမူကို မဖြစ်မနေလက်ကိုင်ထားကာ ပါလက်စတိုင်းပြည်သူများ၏ သဘောဆန္ဒကို လေးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပို၍ကြီးမားသော ကြိုးပမ်းမှု များကို စုစည်းကာ ခိုင်မာ၍နောက်ပြန်မဆုတ်နိုင်သည့် နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းကို ဖော်ဆောင်သင့်ရာ နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်းအခြေခံကို တိုက်စားသည့် မည်သည့်တစ်ဖက်သတ် လှုပ်ရှားမှုကိုမဆို အခိုင်အမာ ငြင်းပယ်သင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဂါဇာစစ်မီးပြေငြိမ်းရေး၊ လူသားချင်းစာနာမှု ကပ်ဘေး ပြေလျော့ရေး၊ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း ဖော်ဆောင်ရေး၊ ပါလက်စတိုင်းအရေး ဘက်စုံတရားမျှတ၍ ရေရှည်ဖြေရှင်းမှုကို နောက်ဆုံးတွင် ဖော်ဆောင်နိုင်ရန် မဆုတ်မနစ်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ဖုချုံး က ပြောကြားခဲ့သည်။ Source from - Xinhua Myanmar