“ဂါဇာသို့ ဦးတည်လာသည့် ထောက်ပံ့ရေး ရေယာဉ်များကို အစ္စရေးက ကြားဖြတ်ဟန့်တား”

03 Oct

ဂါဇာသို့ဦးတည်လာသည့် ထောက်ပံ့ရေးရေယာဉ်များကို အစ္စရေးရေတပ်က ကြားဖြတ်ဟန့်တား ဖမ်းဆီးမှု များ လုပ်ဆောင်ကြောင်း သိရသည်။ Global Sumud Flotilla အမည်ရှိ ရေယာဉ်စုသည် ဂါဇာကမ်းရိုး တန်းအနီးသို့ ချဉ်းကပ်လာချိန်တွင် မြေထဲပင်လယ်၌ ကြားဖြတ်ဟန့်တားမှုခံရခြင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဌာနက အောက်တိုဘာလ ၁ ရက်ညပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါထောက်ပံ့ရေးရေယာဉ်များ၌ ပါလာသော ထောက်ပံ့ရေးပစ္စည်းများကို ဂါဇာသို့ငြိမ်းချမ်းစွာရောက်ရှိအောင် ပေးပို့နိုင်စေမည့် လမ်းကြောင်းတစ်ခုကို ပေးခဲ့ကြောင်း၊ သို့သော် ထိုရေယာဉ်များသည် ထောက်ပံ့ရေးကိစ္စရပ်များအပေါ် စိတ်ဝင်စားခြင်းမရှိကြောင်းနှင့် တားမြစ်ချက်များကိုသာ ချိုးဖောက်ရန်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ထို့အတူ အစ္စရေးရေတပ်သည် ထိုရေယာဉ်စုဆီသို့ရောက်ရှိစဉ် ယင်းရေယာဉ်စုအနေဖြင့် တိုက်ပွဲနယ်မြေသို့ ဦးတည်၍လာနေကြောင်းနှင့် ပိတ်ဆို့ထားသည့်နေရာကို ဥပဒေမဲ့ချိုးဖောက်ဝင်ရောက်လာနေကြောင်း အသိပေး ခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုရေယာဉ်စုတွင် အရပ်ဘက်ရေယာဉ်အစင်း ၅၀ ဝန်းကျင်နှင့် နိုင်ငံပေါင်း ၄၀ ကျော်မှ ပရဟိတသမားအယောက် ၅၀၀ ကျော်ပါဝင်ကြောင်း၊ ၎င်းတို့သည် အစ္စရေး က တားမြစ် ထားသော ရေလမ်းကြောင်းဆီသို့ ဦးတည်လာကာ ပါလက်စတိုင်းပြည်သူများထံသို့ အစားအစာနှင့်ဆေးဝါးများ ပေးပို့ရန် ကြိုးစားခြင်းဖြစ်ကြောင်း အဆိုပါရေယာဉ်စုက ထုတ်ပြန်ထားသည်။ ရေယာဉ်စုနှင့်အတူ သဘာဝ ပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ဂရီတာသန်းဘာ့ အပါအဝင် ပါလက်စတိုင်းကို လိုလားသူ တက်ကြွလှုပ်ရှားသူများ လိုက်ပါလာပြီး အစ္စရေးရေတပ်က အဆိုပါတက်ကြွလှုပ်ရှားသူများကို ဥရောပသို့ပြည်နှင်ဒဏ်ပေးရန် စီစဉ်ထား ကြောင်း တာဝန်ရှိသူများကပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

03 Oct

ADVERTISE HERE .