“ရုရှားနှင့်အိန္ဒိယတို့က ၁၅ ရက်ကြာမည့် Indra 2025 ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ စတင်ပြုလုပ်"
02 Oct
ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က ၁၅ ရက် ကြာမြင့်မည့် Indra 2025 အမည်ရှိပူးတွဲ စစ်ရေးလေ့ကျင့်ခန်းကို အိန္ဒိယနိုင်ငံ၏ကန္တာရဒေသဖြစ်သည့် ရာဂျက်စသန်ပြည်နယ်၌ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်း၌ ရုရှားနိုင်ငံမှစစ်သည်အင်အား ၂၅၀ ခန့် ပါဝင်ကာ အိန္ဒိယနိုင်ငံမှစစ်သည်များနှင့် ပူးတွဲ၍ စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံရုံးက အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန် ထားသည်။ ယခုကဲ့သို့ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် ရုရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ကြား အထူးဖြစ်သော မိတ်ဖက် ဆက်ဆံရေးကို ဖော်ညွှန်းနေခြင်း မဟာဗျူဟာမြောက်ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြ ထားသည်။ ထို့ပြင်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ကန္တာရအခြေအနေနှင့်တူညီသည့် ဘိုင်ကနာမြို့အနီး၌ လုပ်ဆောင် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ Indra အမည်ဖြင့်စစ်ရေးလေ့ကျင့်ခန်းများစွာရှိကြောင်း၊ ထိုစစ်ရေးလေ့ကျင့်ခန်းများသည် နှစ်နိုင်ငံ တပ်မတော်များကြား ပူးပေါင်းဆောင်ရွက်မှုကိုဖော်ပြနေသည့် အရာဖြစ်ကြောင်း၊ ယင်းစစ်ရေးလေ့ကျင့်ခန်းများ ကို နှစ်နှစ်လျှင်တစ်ကြိမ်အလှည့်ကျ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ အဆိုပါနှစ်နိုင်ငံသည် မြေပြင်၊ ရေပြင်၊ ဝေဟင်ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများစွာကို လုပ်ဆောင်ခဲ့ပြီး အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းအပြင် ယင်းသို့စစ်ရေးလေ့ကျင့်မှုကြောင့် ပူးတွဲစစ်ဆင်ရေးစစ်နည်းဗျူဟာများ တိုးတက်လာခြင်းနှင့် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းလာခြင်းတို့ကိုပေးစွမ်းကြောင်း အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ နှစ်နိုင်ငံတပ်မတော်များကြား နောက်ဆုံးပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ဘင်္ဂလားပင်လယ် အော်၌ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းစစ်ရေးလေ့ကျင့်မှုများတွင် ဆက်သွယ်ရေးလေ့ကျင့်ခန်းများ၊ နည်းဗျူဟာမြောက် လှုပ်ရှားခြင်းနှင့် ရေပြင်၊ ဝေဟင်ပစ်မှတ်များကို အမြောက်ဖြင့် ပစ်ခတ်ခြင်းတို့ ပါဝင်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။