“ပညာရေးဝန်ထမ်းများ တစ်နှစ်လျှင် နှစ်ကြိမ်ရာထူးတိုး၊ ပြောင်းရွှေ့ကိစ္စရပ်များ ပြုလုပ်ပေးမည်”

02 Oct

ပညာရေးဝန်ထမ်းများ ရာထူးတိုး၊ ပြောင်းရွှေ့ကိစ္စရပ်များကို တစ်နှစ်လျှင် မေလနှင့် အောက်တိုဘာလတို့တွင် နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ပညာရေးဆိုင်ရာ မူဝါဒများ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်တဲ့မူဝါဒများကို နှစ်ရက်ကြာ သုံးသပ်အကြံပြု သွားမည်ဖြစ်ပြီး ပါမောက္ခချုပ်များက ဦးဆောင်၍ ထိန်းညှိပေးစေလိုကြောင်း၊ ယခု‌ဆွေးနွေးပွဲမှ အားနည်းချက်များကို ဖော်ထုတ်ပြီး အားသာချက်ဖြစ်မယ့် မူဝါဒများကို အတူတကွ အကောင်းဆုံးရေးဆွဲနိုင်မို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲမှ ထွက်ပေါ်လာတဲ့ ရလဒ်များက ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီး အလုပ်ရုံ ဆွေးနွေးပွဲမှ အကောင်းဆုံးမူဝါဒများချမှတ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်ဦးက အဆင့်မြင့်ပညာကဏ္ဍ အတွက် တက္ကသိုလ်ဆရာ/ဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါပညာရေးဆိုင်ရာမူဝါဒများ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ ၂ ရက်ကြာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ (NVS 004)

02 Oct

ADVERTISE HERE .