“ဥတ္တရသီရိမြို့နယ်မှ ရေဘေးရှောင်အိမ်ထောင်စုများကို ဆန်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့”
02 Oct
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်ကာ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ရေဝင်ရောက်နေတဲ့ နေအိမ်များအတွင်းနေထိုင်သူများမှာ မိုးစွေကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာမှာ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်လျက်ရှိကာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စက်တင်ဘာလ ၃၀ ရက်ကတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အခုလိုတွေ့ဆုံရာမှာ တာဝန်ရှိသူများကို ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်၊ သဘာဝဘေးကျ ရောက်ပါက ဘေးကင်းစေရန်ကူညီကယ်ဆယ်ရေးနည်းလမ်းများကို အသိပညာပေးဆောင်ရွက်ရန်၊ ရေဝင်ရောက်မှု ဖြစ်ပွား၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားရေးအတွက် ကျန်းမာရေးဌာနမှ လိုအပ်သည်များဆောင်ရွက်ရန်၊ သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် သစ်ပင်များနှင့် နှစ်ရှည်ပင်များတိုးချဲ့စိုက်ပျိုးရန် တို့ကိုမှာကြားခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စုများအား ဆန်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း မှ မိုးစွေကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်ပြီး ကျေးရွာအတွင်းရေဝင်ရောက်မှု၊ ကျေးရွာချောင်းကူးတံတားရေစီးဆင်းမှု၊ နေအိမ် များအတွင်း ရေဝင်ရောက်နေမှုနှင့် ကျေးရွာချင်းဆက်ကျောက်ချောမြေသားလမ်း ရေတိုက်စားနေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ (NVS 004)