“၅ နှစ်အတွင်း ဒီရေတောဖုံးလွှမ်းမှုဧရိယာဧက ၁ ဒသမ ၂ သိန်းခန့်တိုးတက်လာ”

01 Oct

မြန်မာနိုင်ငံအနေနဲ့ ဒီရေတောဖုံးလွှမ်းမှုဧရိယာ ဧကစုစုပေါင်း ၁ ဒသမ ၂၆ သန်းရှိပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဒီရေတောဖုံးလွှမ်းမှု ဧရိယာဧက ၁ ဒသမ ၂ သိန်းခန့် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာရေးနှင့် သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းရရှိ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဒီရေတော စိုက်ခင်းများ ထပ်မံတိုးချဲ့တည်ထောင်ရေးက အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး မြို့နယ်ရှိ ဒီရေတောစိုက်ခင်းများကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ပါတယ်။ သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှု ကို လျော့ကျစေခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်စီးမှုများကို အဟန့်အတားဖြစ်စေခြင်း၊ ငါးပုစွန်တို့ပေါက်ပွားရာနေရာများ တိုးပွားလာစေခြင်း၊ ဒေသခံများ၏ လူနေမှုဘဝ တိုးတက်လာစေရန် အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသခံများ အနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်လည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဒီရေတောစိုက်ခင်းဧက ၂,၃၀၀၊ အပင် ၂ ဒသမ ၇၈ သန်း နှစ်စဉ်တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီမှစတင်၍ ဒီရေတောစိုက်ခင်းဧက ၃,၃၀၀ ၊ အပင် ၄ သန်းခန့် တိုးချဲ့တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004 )

01 Oct

ADVERTISE HERE .