“နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ အပိုထောက်ပံ့ကြေး ၃ သောင်းထပ်မံတိုးမြှင့်ပေး”
01 Oct
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁ဝ/၂ဝ၂၅ ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား အောက်တိုဘာ ၁ ရက်မှစတင်ကာ အပိုထောက်ပံ့ကြေးကျပ် ၃၀,၀၀၀ ကိုလစဥ် ထပ်မံခံစားခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ ဝန်ထမ်းများကို အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၃၀,ဝဝဝ ကို ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ပထမအကြိမ်၊ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ဒုတိယအကြိမ်အဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ရာမှ လက်ရှိထောက်ပံ့လျက်ရှိတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၆ဝ,ဝဝဝ အပြင် ထပ်မံကာ ကျပ် ၃၀,ဝဝဝ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ထပ်မံခံစားခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းများကို အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀,၀၀၀ ကို အပိုထောက်ပံ့ကြေး အဖြစ် လစဥ်ထပ်မံခံစားခွင့်ပြုခဲ့ပါတယ်။ အပိုထောက်ပံ့ကြေးကို အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် ၄ လအတွက်နှင့် လစာပြည့်(သို့) လစာဝက် လစာငွေရရှိသော အခြားခွင့်ခံစားနေတဲ့ကာလအတွင်း အပိုထောက်ပံ့ကြေးကိုခံစားခွင့်ရှိပြီး "ပညာသင်ကြားခွင့်” ဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ စေလွှတ်ခြင်းခံရသော ဝန်ထမ်းများနှင့် ပညာသင်ခွင့်စည်းကမ်းချက် များဖြင့် နိုင်ငံခြား သို့ သွားရောက်ပညာသင်ကြားနေသည့်ဝန်ထမ်းများမှာ ယင်းကာလအတွင်း အပိုထောက်ပံ့ကြေး ခံစားခွင့်မရှိကြောင်း သိရပါတယ်။ ဒါ့အပြင်လုပ်ငန်းစာချုပ်ရှိတဲ့ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းပမာဏ(သို့) အရေအတွက်ကိုလိုက်၍ အခကြေးငွေရရှိတဲ့ ဝန်ထမ်းများနှင့်အလုပ်သမားများ၊ အချိန်ပိုင်းသာဆောင်ရွက်ရတဲ့ ဝန်ထမ်းများက အပိုထောက်ပံ့ကြေးကို ခံစားခွင့်မရှိကြောင်း သိရပါတယ်။ အခုလိုသတ်မှတ်ထားပေမယ့် တာဝန်ထမ်းဆောင်ရာတွင် လိုအပ်သောအရည်အချင်းပြည့်စုံမှုအတွက် ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတစ်ခုခု၊ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဆိုင်ရာသိပ္ပံ(သို့) အထက်တန်း ကျောင်းတစ်ခုခုမှာ ပညာသင်ခွင့်စည်းကမ်းချက်များဖြင့် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ဝန်ထမ်းများမှာမူ ပညာသင်ခွင့်ကာလအတွင်း အပိုထောက်ပံ့ကြေးရရှိမှာဖြစ်ပါတယ်။ ရာထူးမှခေတ္တချ ထားခြင်းခံရသောဝန်ထမ်းများ ကို တည်ဆဲနည်းဥပဒေများအရ နေထိုင်စားသောက်မှု စရိတ်ထုတ်ပေးထားစဉ်အတွင်း၊ ပုံသေလစာရရှိသော ဝန်ထမ်းများက အပိုထောက်ပံ့ကြေးကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများအနေနဲ့ နေ့စဉ်လုပ်ခ ကျပ် ၇,၈ဝဝ ရရှိမည်ဖြစ်ကာ အငြိမ်းစားဝန်ထမ်းများကလည်း အပိုထောက်ပံ့ကြေးကျပ် ၃၀,၀၀၀ ကိုလစဉ်ထပ်မံခံစားခွင့်ပြုခဲ့ပေမယ့် နိုင်ငံခြား တိုင်းပြည်များမှာ ယာယီ(သို့)အမြဲတမ်းနေထိုင်သူများမှာ နိုင်ငံခြားတွင်ရှိနေစဉ်အတွင်း အပိုထောက်ပံ့ကြေး မရရှိဘဲ ယခုခွင့်ပြုသော အပိုထောက်ပံ့ကြေးကို တစ်လုံးတည်းပင်စင်အဖြစ်လဲလှယ်ခွင့်မရှိကြောင်း သိရပါတယ်။ (NVS 004 )