“ပဋိပက္ခသစ်များ ထပ်မံဖြစ်ပွားစေမည့် နျူကလီးယားဆွေးနွေးပွဲများကို ဆန့်ကျင်မည်ဟု အီရန်သမ္မတ ပြောကြား”

30 Sep

ပဋိပက္ခသစ်များ ထပ်မံဖြစ်ပွားစေမည့် နျူကလီးယားဆွေးနွေးပွဲများကို အီရန်ကဆန့်ကျင်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆော့ပါ ဇက်ကီရှန် က ပြောကြားသည်။ အီရန်အပေါ် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှုများမရှိပါက ညှိနှိုင်းဆွေးနွေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။ အီရန်၏နျူကလီးယားအစီအစဉ်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂက စက်တင်ဘာလ ၂၁ ရက်တွင် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။ အီရန်သည် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က စွပ်စွဲခဲ့ကြသည်။ အီရန်အနေဖြင့် အမေရိကန်နှင့်နျူကလီးယားအရေး တိုက်ရိုက်ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က တိုက်တွန်းပြောကြားသည်။ အီရန်အနေဖြင့် ကျိုးကြောင်း ဆင်ခြင်မှုရှိသည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန်အသင့်ရှိပြီး ရှင်းလင်းပြတ်သားသည့် စံနှုန်းများအပေါ်တွင် အခြေခံဆောင်ရွက်မည်ဖြစ်ကြောင်း အီရန်သမ္မတ က ပြောကြားသည်။ အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေး ကျဆင်းမည်ဟု စိုးရိမ်ပူပန်မှုများရှိသော်လည်း နိုင်ငံသားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Sep

ADVERTISE HERE .