“တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှာပါဝင်တဲ့ စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံးအကောင်အထည် ဖော်သွားမည်”

30 Sep

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်ပါဝင်တဲ့ စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံးအကောင် အထည်ဖော်သွားရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီ အဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng တို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံတော် ယာယီသမ္မတက ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ကူမင်းလေဆိပ်၌ ခေတ္တရပ်နားစဥ် Mr. Hu Dapeng မှကြိုဆိုနှုတ်ဆက်ပြီး လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါတယ်။ တွေ့ဆုံစဥ် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့က ခိုင်မာတဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသော အိမ်နီးချင်းနိုင်ငံ များဖြစ်ပြီး ယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံဖြစ်မှု၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့တဲ့ ငလျင်သဘာဝဘေး အပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းကူညီပေးလျက်ရှိမှုနှင့် ဆက်လက်၍လည်း လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံအပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်ပါဝင်တဲ့ စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ထို့အတူ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့ကြား ကူးလူးဆက်ဆံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာများ၊ နှစ်နိုင်ငံနှင့်ပြည်သူနှစ်ရပ်ကြား အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် သွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့်အဖွဲ့ဝင်များက မြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ် ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

30 Sep

ADVERTISE HERE .