“ပင်လယ်ငါးနှပ် ရေထွက်ကုန်ကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိ”

29 Sep

ပင်လယ်ပြင်ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ရာသီဥတုသာယာချိန်၌ ရေထွက်ကုန်များ ရန်ကုန် ဆိပ်ကမ်းများသို့ အပတ်စဉ်ဝင်ရောက်လျက်ရှိရာ ပင်လယ်ထွက်ကုန် ငါးနှပ်ငါးအား ဆော်ဒီအာရေဗျနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ပင်လယ်ပြင်မှ ငါးသယ်စက်လှေများ ကြည့်မြင်တိုင်စံပြငါးဈေးနှင့် ရွှေပိတောက် ငါးဈေးဆိပ်ကမ်းသို့ ဝင်ရောက်လာချိန်တွင် ငါးနှပ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၂,၅၀၀ ဖြင့် ငါးသယ်စက်လှေမှ ငါးဒိုင်များကို ရောင်းချပြီး ငါးဒိုင်များက တစ်ပိဿာ ငွေကျပ် ၂,၇၀၀ ဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ရှိ အအေးခန်း စက်ရုံ များသို့ သေတ္တာများတွင် ရေခဲရိုက်၍ တင်ပို့ကြကာ အအေးခန်းစက်ရုံများမှတစ်ဆင့် ဆော်ဒီအာရေဗျနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့သို့ ရေလမ်းကြောင်းမှ တင်ပို့လျက်ရှိပါတယ်။ အဆိုပါ ငါးနှပ်ငါးကို အအေးခန်းစက်ရုံများသို့ ကုန်ချိန် ၃,၀၀၀ မှ ၅,၀၀၀ အထိ တင်ပို့လေ့ရှိပြီး ငါးနှပ်ကို သန့်စင်ပြုပြင်ပြီးပါက အအေးပေး၍ ပြည်ပမှ မှာကြားမှုအတိုင်း တင်ပို့လေ့ရှိပါတယ်။ ငါးနှပ်ငါးကို ပင်လယ်ပြင်ပိုင်း ထက် ကမ်းနီး ရေချို/ရေငန်စပ်အပိုင်းတွင် အများဆုံးရရှိလေ့ရှိပြီး ဇူလိုင်လမှစ၍ စက်တင်ဘာလအတွင်း အများဆုံး ဖမ်းဆီးရမိလေ့ရှိပါတယ်။ လက်ရှိတွင် ပင်လယ်ပြင်မုန်တိုင်းအန္တရာယ်ကြောင့် ငါးသယ်စက်လှေများ ရန်ကုန်ဆိပ်ကမ်းများသို့ ငါးနှပ်၊ ငါးတံခွန်၊ ငါးခေါင်းပွ၊ ကင်းမွန်၊ ငါးတီး၊ ရွှေငါး၊ သင်ဖြူငါး၊ ငါးရောင်၊ ဂုံးညို၊ ပီသာ၊ ငါးသလောက်၊ ဒါးဗီး၊ ကြမ်းခုံ၊ ငါးမှတ်မဲ၊ ဇာဗျတ်ကြီး၊ ကုလားငူပေါက်၊ ဝမ်းပူကြီး၊ ဂျပန်လုံးပေါက်၊ ငါးခူ၊ ငါးရံ့၊ မီးပါကြီး၊ ပုလဲလတ်၊ ငါးချဉ်ပေါင်၊ မီးတံသွယ်၊ ငါးနီလေး၊ ငါးပုဏ္ဏား၊ ကဘီလူး၊ ပုစွန်မျိုးစုံအပါအဝင် ငါးအမျိုးအစား ၅၀ ကျော်တင်ဆောင်၍ ဝင် ရောက်လျက်ရှိနေကြောင်း သိရပါတယ်။ (NVS-004)

29 Sep

ADVERTISE HERE .