“မင်းဘူးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး အဖွဲ့များကို အရန်သင့်စုဖွဲ့ထား”

29 Sep

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့် မြို့နယ် များရှိ မီးသတ်ဦးစီးဌာနရုံးများ၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း သိရပါတယ်။ သဘာဝဘေးအန္တရာယ်များကျရောက်လျှင် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနလက်အောက်မှာရှိတဲ့ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်များနှင့် သက်ဆိုင်ရာနယ်မြေခံ မီးသတ်စခန်းများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားတွေနဲ့ တစ်မြို့နယ်ကို ၃၅ ဦးနှုန်းနဲ့ တပ်စုငါးစုမှာ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၇၅ ဦးဖြင့် အရန်သင့် ဖွဲ့စည်းထားပါတယ်။ မင်းဘူးခရိုင်၌ လက်ရှိရက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထပ်မံစီးဆင်းဝင်ရောက်နိုင်ပြီး မင်းဘူးမြို့၊ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁,၇၀၀ စင်တီမီတာသို့ အနည်းငယ်တိုးမြင့်လျက်ရှိနေပါတယ်။ ဒါကြောင့် မြစ်ချောင်း၊ ကမ်းပါးများနှင့် မြေနိမ့်ပိုင်းဒေသ တစ်လျှောက်တွင် နေထိုင်လျက်ရှိတဲ့ ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန်လိုအပ်ကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ အသိပေးထားပါတယ်။ မင်းဘူးခရိုင်အတွင်းရှိမြို့နယ်များ၌ နယ်မြေအလိုက် အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့များကို အရန်သင့်ဖွဲ့စည်းထားရှိပြီးဖြစ်လို့ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် တွေ့ကြုံလာပါက သက်ဆိုင်ရာနယ်မြေခံ မီးသတ်စခန်းများနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။ (NVS-004)

29 Sep

ADVERTISE HERE .