“ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် မည်သည့်အဆိုပြုချက်ကိုမဆို လက်ခံမည်မဟုတ်ဟု ပြောကြား”
29 Sep
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် မည်သည့်အဆိုပြုချက်ကိုမဆို လက်ခံ မည် မဟုတ်ကြောင်း ဟားမတ်စ်အဖွဲ့က စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ကာတာမြို့တော် ဒိုဟာ တွင် ဟားမတ်စ်အဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် စက်တင်ဘာလ ၉ ရက်မှစပြီး အပစ် အခတ် ရပ်စဲရေးညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ကြောင်း ဟားမတ်စ်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဂါဇာ ကမ်းမြောင်စစ်ပွဲအဆုံးသတ်ရန် အချက် ၂၁ ချက်ပါဝင်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပြုချက် အသစ်နှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများက သတင်းဖော်ပြချိန်တွင် ယခုကဲ့သို့ ဟားမတ်စ်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပြုချက်အသစ်တွင် ဟားမတ်စ်အနေဖြင့် ဓားစာခံအားလုံးကို ၄၈ နာရီအတွင်း လွှဲပြောင်းပေးအပ်ရန် နှင့်ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့များ တဖြည်းဖြည်း ဆုတ်ခွာရေးတို့ပါဝင်ကြောင်း ကြားဝင်စေ့စပ်သည့်နိုင်ငံ များက ပြောကြားသည်။ ထို့ပြင် အစ္စရေး က ရာနှင့်ချီသော ပါလက်စတိုင်းလုံခြုံရေး အကျဉ်းသားများအား လွှတ်ပေးပြီး ဂါဇာကမ်းမြောင်သို့ အကူအညီများ ဝင်ရောက်ခွင့်ပေးမည်ဖြစ်ကာ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်ရန် ပါလက်စတိုင်းယာယီအစိုးရကို ပံ့ပိုးပေးမည်ဟုပါရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။