“ပုဂံမြို့မှ သိကြားဟစ်ဘုရားမှာ ရွှေရည်ရေးဘုရားပုံတော်အသစ်များတွေ့ရှိ”

29 Sep

မန္တလေးတိုင်း‌ဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ သိကြားဟစ်ဘုရားရှိ နံရံဆေးရေးပန်းချီများ မှာ ရှေးဟောင်းသုတေသနဆိုင်ရာ ရွှေရည်ရေးဘုရားပုံတော်အသစ်များတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အခုလိုတွေ့ရှိခြင်းက ပထမဆုံးအသစ်တွေ့ရှိမှုဖြစ်ပြီး မည်သည့်ရှေးဟောင်းနေရာများမှာမှ ထိုကဲ့သို့ ရွှေရည်ရေး(ရွှေချ)ထားတဲ့ နံရံဆေးရေးပန်းချီများကို မတွေ့ရှိရသေးတာ ဖြစ်ပါတယ်။ သိကြားဟစ်ဘုရားက ညောင်ဦး–ပုဂံသွားကားလမ်းဘေး အမှတ်(၇)ရပ်ကွက် ဝက်ကြီးအင်း၏ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းမှာတည်ရှိပြီး အေဒီ(၁၃)ရာစု ဗိသုကာဖြစ်ကာ ရှေးဟောင်း အဆောက်အအုံအမှတ်-၂၄၉ ဖြစ်ပါတယ်။ အသစ်တွေ့ရှိတဲ့ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသည့် ဘုရားပုံတော်ငါးဆူ၏ အောက်ခြေတွင် မင်စာရေးထိုးထားပြီး မင်စာမှာ သက္ကရာဇ် – ၉၄၃ ခုနှစ်ဟုပါရှိတဲ့အတွက် အေဒီ (၁၆) ရာစုခန့်က ဖြစ်မည်ဟု ယူဆရပါတယ်။ မင်စာရေးထိုးသောမှတ်တမ်းအရ အေဒီ (၁၆) ရာစုမှာ ဘုရင့်နောင်မင်းတရားကြီးက ပုဂံဒေသသို့ ကြွရောက်လာတဲ့ အချိန်ဖြစ်ပြီး ရွှေစည်းခုံစေတီတော်ကြီးကို ရွှေထီးတော်လှူဒါန်းခြင်း၊ ရွှေချခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။ အဆိုပါဘုရားရှိ နံရံဆေးရေးပန်းချီများ ပျက်စီးမှုဖြစ်ပေါ်နေပြီး အင်္ဂတေပန်းလက်ရာများ၊ နံရံများအက်ကွဲ ကြောင်းများပေါ်နေတဲ့အတွက် ရှေးဟောင်းသုတေသနဌာနက ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ အဆောက်အအုံ ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ရာမှတစ်ဆင့် အခုလိုတွေ့ရှိရခြင်း ဖြစ်ပါတယ်။ နံရံဆေးရေးဘုရားပုံတော်များမှာ မျက်နှာတော်၊ လည်ပင်းတော်၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ညာဘက်လက် တော်တို့နှင့် ခြေဖဝါးနှစ်ဖက်တော်တို့မှာ ရွှေစင်ရွှေသားများထင်ရှားစွာ ကျန်ရှိနေပြီး ဆေးရေးပုံတော်များ၏ သွင်ပြင်လက္ခဏာတို့မှာ ညောင်ရမ်းခေတ်ဟန်ဖြစ်ကြောင်း၊ ဆေးရေးပုံတော်များဘေးတွင် မြတ်စွာဘုရားရှင်အား လက်အုပ်မိုးပူဇော်နေဟန် လူရုပ်များရေးဆွဲထားကြောင်းသိရပါတယ်။ အခုအသစ်တွေ့ရှိခဲ့တဲ့ ရွှေစင်ရွှေသားဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿမုဒြာဟန် ထိုင်တော်မူ ဗုဒ္ဓပုံတော်များမှာ ယခင်ကတည်းက မင်စာများရေးထိုး ထားသော်လည်း နှစ်ပေါင်းများစွာကြာမြင့်၍ ဖုန်မှုန့်များ၊ အညစ်အကြေးများဖြင့် ဖုံးအုပ်နေသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်နေခြင်းဖြစ်ပြီး ယခုအခါဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းဆောင်ရွက်တဲ့အခါမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

29 Sep

ADVERTISE HERE .