အသည်းအဆီဖုံးခြင်း ရောဂါကို လျော့ကျစေမယ့် အကောင်းဆုံးအသီးတွေ
18 Sep
ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အသည်းအဆီဖုံးခြင်း ရောဂါကို လျော့ကျစေမယ့် အကောင်းဆုံးအသီးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အဆီတွေလျော့ပါးစေဖို့က သံပရာသီးက အကောင်းဆုံးဓာတ်စာပဲ ဖြစ်ပါတယ်။ ရေတစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး နေ့တိုင်းသောက်ပေးတာက အသည်းမှာစုနေတဲ့ အဆီတွေကို အမြန်ဆုံးကျဆင်း စေပါတယ်။ သံပရာသီးက အဆိပ်အတောက်ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင်စီလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ သံပရာသီးကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ်ပေး နိုင်ပါတယ်။ သစ်တော်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်တဲ့အပြင် ချိုမြတဲ့ အရသာကြောင့် လူကို လန်းဆန်းစေပါတယ်။ ရေဓာတ်ပါဝင်မှုများပြီး အမျှင်ဓာတ်ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီအပြင် ဗီတာမင်ဘီအုပ်စုနဲ့ ဗီတာမင်အီးတို့ ပါဝင်ပါတယ်။ သွေးတွင်း ကိုလက်စထရောကိုလည်း ကျစေပြီး အစာခြေစနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီအချက်တွေကြောင့်ပဲ သစ်တော်သီးက အသည်းကို အကျိုးပြုနေတာဖြစ်ပြီး ပန်ကရိယနဲ့ အသည်းကို သန့်စင်စေပါတယ်။ ဟင်းချက်တဲ့အခါမှာ ထည့်ချက်နေကျ မန်ကျည်းသီးမှာ အစွမ်းသတ္တိတွေရှိနေပါတယ်။ မန်ကျည်းသီးဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှုမြင့်မားလို့ အဆီကြောင့် သွေးကြောထူသွေးကြောကျဉ်းရောဂါ arteriosclerosis ကို ကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကို အညစ်အကြေး ဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိလို့ အစာခြေစနစ်ကို ကောင်းစေပြီး အဆီတွေ ကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကိုသန့်စင်စေပြီး ကိုလက်စထရောတွေကျစေတဲ့အပြင် အသည်းမှာဖုံးနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်ပါတယ်။ စတော်ဘယ်ရီသီးတွေက အသည်းနဲ့ ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန် စေပါတယ်။ သွေးတိုးကို ကျစေပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါ သေးတယ်။ ရေထဲမှာ စတော်ဘယ်ရီထည့်၊ သံပရာသီးနည်းနည်း ထည့်ပြီးသောက်ရင် detox အဖြစ် သောက်လို့ ရပါတယ်။ ဖရဲသီးနဲ့ သင်္ဘောစေ့တို့က သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ရောကြိတ် ဖျော်စပ် ထားတဲ့ အချိုရည်တစ်ခွက်ဟာ အသည်းကို သန့်စင်စေပြီး အသည်းမှာစုနေတဲ့ အဆီတွေကို လျော့ပါး စေနိုင်စွမ်း ရှိပါတယ်။ တစ်နေ့တစ်ခွက် သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါး စေပါတယ်။ ဖရဲသီး အစိတ်သေးနှစ်စိတ်၊ ရေသန့်တစ်ခွက်၊ သင်္ဘောစေ့နှစ်စေ့ကို ကြိတ်ပြီး ဖြည်းဖြည်းချင်း သောက်ပေးပါ။ (NVS 003)