နီပေါနိုင်ငံကြားဖြတ်အစိုးရ ပထမဆုံးဝန်ကြီးသုံးဦး ကျမ်းသစ္စာကျိန်ဆို

16 Sep

နီပေါနိုင်ငံသမ္မတ ရမ်ချန်ဒရာပူဒယ် သည် အသစ်ဖွဲ့စည်းခဲ့သည့် ကြားဖြတ်အစိုးရ ပထမဆုံးဝန်ကြီးသုံးဦးကို စက်တင်ဘာ ၁၄ ရက်က ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်ခန့်အပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို ခတ္တမန္ဒူမြို့ရှိ သမ္မတရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး ရုပ်သံထုတ်လွှင့်ခဲ့ကြောင်းသိရသည်။ ဘဏ္ဍာရေးဌာန အတွင်းရေးမှူးဟောင်း Rameshore Prasad Khanal သည် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း Kulman Ghising က စွမ်းအင်၊ ရေအရင်းအမြစ်နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနများ၏ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ ခတ္တမန္ဒူ မြို့တော်ဝန်၏ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည့် ရှေ့နေတစ်ဦးဖြစ်သူ Om Prakash Aryal က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာနှင့်လွှတ်တော်ဆိုင်ရာကိစ္စရပ်များဝန်ကြီးဌာနများကို ဦးဆောင်မည် ဖြစ်သည်။ ခတ္တမန္ဒူနှင့် နိုင်ငံ၏အခြားဒေသများတွင် စက်တင်ဘာလ ၉ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ကေပီရှာ မားအိုလီ က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် တရားသူကြီးချုပ်ဟောင်း စူရှီလာကာကီ သည် ကြားဖြတ် အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် တာဝန်ယူခဲ့သည်။ နီပေါနိုင်ငံ၏အထွေထွေရွေးကောက်ပွဲသစ်ကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်တွင် ကျင်းပရန်စီစဥ်ထားကြောင်း သိရသည်။

16 Sep

ADVERTISE HERE .