“TBEA ကုမ္ပဏီမှ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံများကို မြန်မာနိုင်ငံမှာ တည်ဆောက်ထုတ်လုပ်ရန် ဖိတ်ခေါ်ခဲ့”
04 Sep
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ Tebian Electric Apparatus(TBEA) ကုမ္ပဏီအနေနဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံများကို မြန်မာနိုင်ငံမှာ တည်ဆောက်ထုတ်လုပ်ရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ယာယီသမ္မတက TBEA ကုမ္ပဏီသို့ စက်တင်ဘာလ ၃ ရက် ညနေပိုင်းက သွားရောက်၍ ခင်းကျင်းပြသထားသော TBEA ကုမ္ပဏီမှ ဆောက်လုပ်ထားတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကမ္ဘာတစ်ဝန်းစွမ်းအင် ထုတ်လုပ်ရေး၊ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တပ်ဆင်သောလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုလေ့လာပြီး သိရှိလိုတာများကို ပြန်လည်မေးမြန်းခဲ့ပါတယ်။ ကုမ္ပဏီတာဝန်ရှိသူနှင့်တွေ့ဆုံ၍ TBEA ကုမ္ပဏီရဲ့လုပ်ငန်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်တဲ့စက်ရုံများကို မြန်မာနိုင်ငံမှာတည်ဆောက်ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချပေးနိုင်မှုတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင်သတ္တုတူးဖော်ရေးလုပ်ငန်းများမှာ အတူတကွပူးပေါင်းဆောင်ရွက်၍ ကုန်ချောထုတ်လုပ်နိုင်မှု၊ မြန်မာ နိုင်ငံ၏ စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ (NVS 004)