“မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ”

04 Sep

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးပွဲမှာ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြန်မာနိုင်ငံ သားတို့၏ အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်စေရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ကပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးချုပ်က ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်းသာမက ယဉ်ကျေးသိမ်မွေ့ခြင်းများနှင့်ပါ ပြည့်စုံတဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာအနုပညာကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက ထူးခြားပြီး အနက်အဓိပ္ပာယ် ပြည့်ဝလှတဲ့ မြန်မာ့အနုပညာကို ကမ္ဘာကပင် တွေ့မြင်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမဆိုင်ရာပညာရပ်များကို မြတ်နိုး တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းနေကြတဲ့ ပညာရှင်ကြီးများနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှာရှိကြတဲ့ ဝါသနာရှင် မျိုးဆက်သစ်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးအနက်ထားပြီး ပြိုင်ပွဲကြီး များကို နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ်ကျင်းပနေကြောင်း ပြောကြားပါတယ်။ (NVS 004)

04 Sep

ADVERTISE HERE .