“ပွင့်ဖြူမြို့နယ်၌ ထောပတ်ပဲ ဧက ၈,၀၀၀ ကျော် လျာထားစိုက်ပျိုးမည်”
03 Sep
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲဧက ၈,၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲ ၈,၂၂၇ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် အောက်တိုဘာလတွင် စတင်စိုက်ပျိုးသွားမှာဖြစ်၍ သတ်မှတ်စိုက်ဧကများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရန်၊ ပန်းတိုင်အထွက် နှုန်းများရရှိစေရန်၊ မျိုးကောင်းမျိုးသန့်များရရှိစေရန်နှင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများနှင့်တာဝန်ရှိသူများ က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးရာသီကာလတွင် ပွင့်ဖြူမြို့နယ်အတွင်း ထောပတ်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးတောင်သူများ အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံများအထွက်နှုန်းကောင်းမွန်ရေး၊ ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်း မျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စတဲ့ စိုက်ပျိုးရေးနည်းပညာပေးခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထောပတ်ပဲကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့် အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမှာဖြစ်လို့ တိုးချဲ့စိုက်ပျိုး နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)