“ထိုင်းနိုင်ငံ၏ အာဏာရဖူထိုင်းပါတီက လွှတ်တော်ကိုဖျက်သိမ်းရန် ပြင်ဆင်နေ”
03 Sep
ထိုင်းနိုင်ငံ၏အာဏာရပါတီဖြစ်သော ဖူထိုင်းပါတီ သည် အစိုးရအဖွဲ့အသစ်ကိုဖွဲ့စည်းရန်ကြိုးပမ်းနေစဉ် မှာပင် လွှတ်တော်ကို ဖျက်သိမ်းရန်ပြင်ဆင်နေကြောင်း ပါတီမှအကြီးတန်းတာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂ ရက်တွင် ပြောသည်။ လွှတ်တော်ကိုဖျက်သိမ်း ပြီးမှသာ အထွေထွေရွေးကောက်ပွဲကိုကျင်းပပေးနိုင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားနေစဉ်ပြိုင်ဘက်ပါတီများက အစိုးရအဖွဲ့အသစ်ကိုဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်ပြီး ဖူထိုင်းပါတီအနေဖြင့် ဝန်ကြီးချုပ်အသစ်အတွက် အမည်တင်သွင်းခြင်းမှ ရွေးကောက်ပွဲအသစ်ကျင်းပရန် တောင်းဆိုခြင်းအထိနည်းလမ်းများစွာကို စဉ်းစားထားကြောင်း ပါတီမှအတွင်းရေးမှူးချုပ် ဆိုရာဝေါင်သီယန်သောင်း က ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ဖယ်ထုန်ထန်ရှင်နာဝပ် ကို အခြေခံ ဥပဒေပါကျင့်ဝတ်များချိုးဖောက်မှုဖြင့် ရာထူးမှဖယ်ရှားကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ထိုင်းနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားလာခြင်း ဖြစ်သည်။ အဆိုပါနိုင်ငံရေးမတည်ငြိမ်မှုအတွင်း ထိုင်းနိုင်ငံ၏ပါတီကြီးများ ဖြစ်သည့် အာဏာရဖူထိုင်းပါတီနှင့် ဘွမ်းဂျေထိုင်းပါတီတို့ကြား တစ်ဖက်နှင့်တစ်ဖက်အနိုင်ရရှိရေးအတွက် ကြိုးပမ်းမှု များဆောင်ရွက်လာခြင်းဖြစ်ကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။