“လူချွန်လူကောင်း” သီချင်းကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အသုံးမပြုကြရန် မြို့မငြိမ်းမိသားစု အသိပေး”

03 Sep

မန္တလေးမြို့မှ နိုင်ငံကျော်အလင်္ကာကျော်စွာ မြို့မငြိမ်း ရေးသားခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းကို အမွေဆက်ခံ ပိုင်ခွင့်ရှိသော မိသားစုထံ အသိပေးခွင့်ပြုချက်ရယူခြင်းမရှိဘဲ အသုံးမပြုကြရန် မြို့မငြိမ်းမိသားစုက စက်တင်ဘာလ ၂ ရက်မှာ အသိပေးထားပါတယ်။ အဆိုပါသီချင်းကို အလင်္ကာကျော်စွာမြို့မငြိမ်းက ၁၉၅၂ ခုနှစ်၌ ရန်ကုန်မြို့မှာ ကျင်းပသော ပြည်တော်သာ ညီလာခံအတွက်ရေးစပ်ခဲ့တဲ့သီချင်းဖြစ်ပြီး ပြည်တော်သာညီလာခံအတွက်သာမဖြစ်စေဘဲ အနာဂတ်မြန်မာနိုင်ငံတော် အတွက်အထိ အသုံးပြုနိုင်ရန် ရေးစပ်ခဲ့ခြင်းဖြစ်တာကြောင့် နိုင်ငံတော်၏အမျိုးသားရေးဆိုင်ရာ မျှော်မှန်းချက်ပုံရိပ်အဖြစ် ထင်ရှားကျန်ရစ်ခဲ့ကြောင်း‌ မြို့မငြိမ်းမိသားစုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထို့ကြောင့် မိသားစုထံ အသိပေးခွင့်ပြုချက်ရယူခြင်းမရှိဘဲ နိုင်ငံရေးစီးပွားရေးနှင့် ပတ်သက်သော အဖွဲ့အစည်း တစ်ရပ်၊ ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က ၎င်းတို့ကိုယ်ကျိုးအတွက် သီချင်းတစ်ပုဒ်လုံးကိုဖြစ်စေ၊ သီချင်း၏ စာသားတစိတ်တပိုင်း ကိုဖြစ်စေ အသုံးပြုခြင်းသီဆိုခြင်းဖြန့်ဝေခြင်း လွှင့်ထုတ်ခြင်းများကို သီချင်း၏မူပိုင်ရှင်ဖြစ်သော မြို့မငြိမ်းမိသားစုက ကန့်ကွက်ကြောင်း ကြေညာထားခြင်း ဖြစ်ပါတယ်။ ထိုနည်းတူ မြို့မအပျော်တမ်းတူရိယာအသင်း တာဝန်ရှိသူများအနေနဲ့လည်း မြို့မငြိမ်း၏သီချင်းများကို အသင်း၏ ဧည့်ခံဖျော်ဖြေပွဲများမှာ သီဆိုတီးမှုတ်ခြင်းများမှအပအခြား ဂီတထုတ်လုပ်ခြင်းများ၊ နိုင်ငံရေး၊ စီးပွားရေး အဖွဲ့အစည်း များ၏ အကျိုးစီးပွားအတွက် အသုံးပြုခြင်းများကို မြို့မငြိမ်းမိသားစု၏ သဘောတူခွင့်ပြုချက်မရဘဲ ပေးအပ်ရောင်းချ ခွင့်ပြုခွင့်မရှိကြောင်းလည်း အသိပေးထားပါတယ်။(NVS 004)

03 Sep

ADVERTISE HERE .