“ရန်ကုန်မြို့မှာ ၈ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂,၀၀၀ ကျော်နှင့် သေဆုံးသူ ၁၅ ဦး ရှိခဲ့”

03 Sep

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူဦးရေ ၂,၀၀၀ ကျော်မှာရှိခဲ့ပြီး ရောဂါကြောင့် ၁၅ ဦးသေဆုံးခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ ၂နှစ်ခြားတစ်ကြိမ် မြင့်တက်လာခြင်းကြောင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ၉၅ ရာခိုင်နှုန်းကျော်အထိ လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ထားခဲ့ရကြောင်း တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဟာ လူဦးရေများပြားတဲ့ တိုင်းဒေသကြီးဖြစ်ပြီး ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်တာကြောင့် အထူးစီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ ၂၁ ရက်ကနေ ၃၀ ရက်အထိ မြို့နယ်များမှာ ဖုံး၊ သွန်၊ လဲ၊စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ကျောက်တန်းနှင့် လှိုင်သာယာ စတဲ့မြို့နယ်တွေမှာ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ်လျက်ရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများတို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

03 Sep

ADVERTISE HERE .