ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးစက်ရုပ်အသုံးပြုသော ပြန်လည်သန်စွမ်းရေးစင်တာကို တရုတ်နိုင်ငံ၏ အကူအညီဖြင့်ဖွင့်လှစ်

02 Sep

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးစက်ရုပ်အသုံးပြုသော ပြန်လည်သန်စွမ်းရေးစင်တာကို ဘင်္ဂလားဒေ့ရှ် ဆေးဘက်ဆိုင်ရာတက္ကသိုလ်(BMU)၌ ဩဂုတ်လ ၃၁ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ရောင်ဝန်၊ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးနှင့် မိသားစုလူမှုဖူလုံရေးဝန်ကြီးဌာန အကြံပေးအရာရှိ Nurjahan Begum နှင့် ၎င်းဌာန အကြံပေးအရာရှိချုပ် အထူးလက်ထောက် Sayedur Rahman တို့ တက်ရောက်ခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက အဆင်သင့်ရှိသည်ဖြစ်၍ ယင်းပူးပေါင်းဆောင်ရွက်မှုက တရုတ်-ဘင်္ဂလားဒေ့ရှ် ပြည့်စုံကျယ်ပြန့် သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် မီးမောင်းထိုးပြပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရောင် က ဖြည့်စွက်ပြောကြားခဲ့သည်။ Nurjahan ကလည်း ထိခိုက်ဒဏ်ရာရသူများ၏ ပြန်လည်သန်စွမ်းမှုမြှင့်တင်ရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာစံနှုန်းများ တိုးတက်ကောင်းမွန်လာစေရေးတို့တွင် စက်ရုပ်အသုံးပြုသော ပြန်လည်သန်စွမ်းရေး စင်တာ၏ အစားထိုး၍မရသော အခန်းကဏ္ဍကို ချီးကျူးပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အလိုအပ်ဆုံးအချိန်၌ ကူညီပံ့ပိုးပေးသည့် တရုတ်နိုင်ငံကို အမြဲတမ်း ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ မြှင့်တင်ရန်အတွက် နှစ်ဖက်စလုံးမှ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်အသုံးပြုသော ပြန်လည်သန်စွမ်းရေးစင်တာက လေဖြတ်ခြင်း၊ လေငန်းရောဂါ၊ အာရုံကြော ဆိုင်ရာ ချို့ယွင်းခြင်း၊ နာတာရှည် နာကျင်ကိုက်ခဲခြင်း၊ အာရုံကြောဒဏ်ရာများ၊ ပခုံးဆစ်ခိုင်ခြင်း၊ ဒဏ်ရာနှင့် ဆက်စပ်သော နောက်ဆက်တွဲပြဿနာများနှင့် အထူးပြန်လည်သန်စွမ်းရေး လိုအပ်သောလူနာများအား အခြား ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများမှ ပြန်လည်သက်သာကောင်းမွန်လာစေခြင်းဖြင့် အကျိုးပြုရန် မျှော်လင့်ထားသည် ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

02 Sep

ADVERTISE HERE .