အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းငလျင်ကြောင့် သေဆုံးသူ ၈၀၀ ကျော်အထိ မြင့်တက်လာ
02 Sep
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဩဂုတ်လ ၃၁ ရက်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ် မှုကြောင့် သေဆုံးသူဦးရေမှာ ၈၁၂ ဦးအထိ မြင့်တက်လာပြီး အခြားသူ ၂,၈၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရ၏ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများသည် အဓိကအားဖြင့် အရှေ့ပိုင်း Kunar ပြည်နယ်၌ အများဆုံးဖြစ်ပြီး အဆိုပါပြည်နယ်တွင် သေဆုံးသူဦးရေ ၈၀၀ ရှိကာ ဒဏ်ရာရရှိသူ ၂,၅၀၀ ဦးရှိပြီဖြစ်သည်။ ကပ်လျက်တည်ရှိသည့် Nangarhar ပြည်နယ်၌ လူ ၁၂ ဦးသေဆုံးကာ ၂၅၅ ဦး ဒဏ်ရာရရှိကြောင်း၊ Laghman ပြည်နယ်တွင် လူ ၅၈ ဦး သေဆုံးပြီး Nruistan ပြည်နယ်တွင်မူ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က မြို့တော်ကဘူးလ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အရှေ့ပိုင်းဒေသ၏ ကြမ်းတမ်းသော မြေအနေအထားသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်စေပြီး သေဆုံးဒဏ်ရာရရှိသူဦးရေသည် ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ငလျင်သင့်ဒေသ၌ ကယ်ဆယ်ရေးတုံ့ပြန်မှုအဖွဲ့များ ဖြန့်ကြက်နေရာချထားပြီးဖြစ်ရာ လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်၍ ငလျင် ဒဏ်သင့်ပြည်သူများကို ကူညီပေးသွားမည်ဖြစ်ကြောင်း Zabihullah Mujahid က ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ခဲ့သည့်ဒေသတွင် တောင်တန်းဒေသများဖြစ်သောကြောင့် ဒေသခံပြည်သူနေအိမ်များ အများစုမှာ အထပ်နိမ့် ရွှံ့အုတ်အိမ်များဖြစ်သည်။ နေအိမ်အများအပြား ဆိုးရွားစွာပျက်စီးခြင်းကြောင့် ဒေသခံ ပြည်သူအများအပြားသည် အပျက်အစီးများကြားတွင် ပိတ်မိနေကြောင်း သိရသည်။ အမေရိကန်ဘူမိဗေဒဆိုင်ရာသုတေသနအဖွဲ့(USGS) ငလျင်အချက်အလက်ကွန်ရက်၏ သတင်းအရ အာဖဂန်နစ္စတန်နိုင်ငံ ဒေသစံတော်ချိန် ဩဂုတ်လ ၃၁ ရက် ည ၁၁ နာရီ ၄၇ မိနစ်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်သည် Nangarhar ပြည်နယ်မြို့တော် Jalalabad အရှေ့မြောက်ပိုင်း ၂၇ ကီလိုမီတာ အကွာတွင်ရှိကာ ငလျင်အနက်မှာ ၈ ကီလိုမီတာဖြစ်ကြောင်းသိရသည်။ ထို့နောက် အနီးတစ်ဝိုက် ဒေသများတွင်လည်း နောက်ဆက်တွဲငလျင် အကြိမ်များစွာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။