“ယခုနှစ်တွင် ပူတာအိုခရိုင်ဒေသထွက် ပေချီ(ခေါ်)လန်ဘ ဆေးဥရှာဖွေသူများပြား”
02 Sep
ပူတာအိုခရိုင်သည် ရှားပါးသဘာဝဆေးမြစ်ဆေးဥများ ထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တရုတ်ဘာသာစကားဖြင့် ပေချီ၊ ရဝမ်တိုင်းရင်းသားဘာသာစကားဖြင့် လန်ဘ ခေါ်ဆေးဥမှာ ဈေးကောင်းရရှိသဖြင့် ရှာဖွေသူများပြားလာကြောင်း သိရပါတယ်။ ပေချီ(ခေါ်)လန်ဘဆေးဥများကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ပန်နန်းဒင် မြို့နယ်များရှိ ရေခဲတောင်များဖြစ်သည့် ခါကာဘိုရာဇီ၊ ဖုန်ရင်ရာဇီ၊ ဂန်လန်ရာဇီ၊ မဒွယ်၊ ဖုန်ကန်ရာဇီ စတဲ့ ရေခဲတောင် ဒေသများ၏ ကျောက်ဆောင်၊ ကျောက်ကမ်းပါးယံနှင့် ရေခဲတောင်ဒေသရှိ စမ်းချောင်းများ၏ ကျောက်ဖျာများတွင် ပေါက်ရောက်လျက်ရှိသော ဆေးဥတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ လန်ဘဆေးဥသည် ကြက်သွန်နီ/ဖြူဥ ပုံသဏ္ဍန်နှင့်တူပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင်ဟူ၍ အရောင်သုံးမျိုးထွက်ရှိလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၆,၀၀၀ အထက် ရေခဲတောင်ရှိ ကျောက်ကမ်းပါးယံများတွင် ပေါက်ရောက်ခြင်းကြောင့် အသက်နှင့်ရင်းကာ ရှာဖွေရသော ဆေးဥတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် သွားရောက်ရှာဖွေလေ့ ရှိကြပါတယ်။ ပေချီ(ခေါ်)လန်ဘဆေးဥများကို တရုတ်နိုင်ငံ၌ တရုတ်တိုင်းရင်းဆေးထုတ်လုပ်ရာတွင် အသုံးပြုလျက်ရှိခြင်း ကြောင့် ဈေးကောင်းပေးဝယ်လျက်ရှိပါတယ်။ အခြောက်လှန်းထားသော ပေချီ(ခေါ်)လန်ဘဆေးဥများကို ပိဿာချိန်နှင့် ရောင်းချရပြီး တစ်ပိဿာလျှင်ဈေးနှုန်းမှာ ၂၀၂၁ ခုနှစ်တွင် ငွေကျပ် သုံးသိန်း၊ ၂၀၂၂ ခုနှစ်တွင် ငွေကျပ် ကိုးသိန်း၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ် ၁၀ သိန်း၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ် သိန်း ၂၀ ခန့် ဈေးရရှိခဲ့ကာ ယခုနှစ်မှာ တစ်ပိဿာလျှင် ငွေကျပ် ၂၅ သိန်းနှင့် သိန်း ၃၀ အတွင်း ဈေးရရှိနိုင်ကြောင်း သိရပါတယ်။ ပူတာအိုရေခဲတောင်ဒေသတွင် ပေချီ(ခေါ်)လန်ဘ အဖိုးတန်ဆေးဥများအပြင် သဘာဝဆေးမြစ်များဖြစ်တဲ့ ရှီးပတီး၊ ခမ်းတောက်မြစ်၊ ရှားချီ စသည့် အဖိုးတန်သဘာဝဆေးမြစ်၊ ဆေးဥများ ထွက်ရှိပါတယ်။ (NVS-004)