“ယခုဘဏ္ဍာနှစ်တွင် မိတ္ထီလာခရိုင်အတွင်း ကျေးလက်ကုန်ထုတ်လမ်း ခုနစ်လမ်းနှင့် ကျေးရွာတွင်းကွန်ကရစ်လမ်း နှစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်မည်”
02 Sep
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ယခုဘဏ္ဍာနှစ် တွင် မိတ္ထီလာခရိုင်အတွင်း ပြည်ထောင်စုခွင့်ပြုငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ခုနစ်လမ်းနှင့် ကျေးရွာတွင်း ကွန်ကရစ် လမ်း နှစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်းရှိ စိုက်ခင်းများမှထွက်ရှိသော သီးနှံထွက်ကုန်များကို အလွယ်တကူသယ်ယူနိုင်ပြီး ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက် များဖြင့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းကွန်ကရစ်လမ်းများကို ဖော်ဆောင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ထိုနည်းတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ကုန်ထုတ်လမ်းများကို ပြည်ထောင်စုခွင့်ပြုငွေဖြင့် ငါးလမ်းနှင့် တိုင်းဒေသကြီးခွင့်ပြုငွေဖြင့် ငါးလမ်း စုစုပေါင်း ကုန်ထုတ်လမ်း ၁၀ လမ်း ဖောက်လုပ်ပေးရန်ရည်မှန်ထားကာ လျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်စေရန်၊ နွေရာသီတွင် ရေရှားပါးပြတ်လပ်မှုမရှိစေရန်နှင့် စနစ်တကျရေသုံးစွဲနိုင်စေရန် ယခုဘဏ္ဍာနှစ်တွင် မိတ္ထီလာခရိုင်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)