“မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တတိယနေ့ ဆက်လက်ကျင်းပ”
02 Sep
“လူငယ်စွမ်းအား ပြည့်အင်အားဖြင့် ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆောင်ပုဒ်ဖြင့်ကျင်းပသည့် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တတိယနေ့(နောက်ဆုံးနေ့)ကို စက်တင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဦးစွာ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ အနာဂတ်ပညာရေးနှင့် ကျွမ်းကျင်မှု၊ စီးပွားရေးအခွင့်အလမ်းများနှင့် လူငယ်စွန့်ဦး တီထွင်လုပ်ငန်းများ၊ နိုင်ငံသား ပူးပေါင်း ပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု၊ ရေရှည်တည်တံ့မှုနှင့် ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်း စသည့် ခေါင်းစဉ်ငါးခုတို့ဖြင့် အဖွဲ့များခွဲကာ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကျောင်းသား/ ကျောင်းသူများက “လန်းဆန်းနိုးထ ဉာဏ်စမ်းအစီအစဉ်” အဖြစ် Energizer Quiz များကို ပါဝင်ဖြေကြားကြပြီး အဖွဲ့လိုက် ဆွေးနွေးထားသော ဆွေးနွေးချက်များကို ကိုယ်စားပြုလူငယ်တစ်ဦးစီက ရှင်းလင်းဆွေးနွေးကြပါတယ်။ အဆိုပါ ဆွေးနွေးမှုအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေး အဖွဲ့မှ တာဝန်ရှိသူများက လူငယ်အဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ နေပြည်တော်ကောင်စီနယ်မြေတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကျောင်းသား/ကျောင်းသူများက လူငယ် အမြင်နှင့်ဆန္ဒစစ်တမ်းကို ဖြေဆိုကြပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဦးက စစ်တမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက အနာဂတ်တည်ဆောက်မည့် ခေတ်သစ်မျိုးဆက်များအတွက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်- ၂၀၂၅ ကြေညာစာတမ်း(မူကြမ်း) ရေးဆွဲမှု၊ ဖိုရမ်ဆင်းလူငယ်ကွန်ရက်ဖွဲ့စည်းမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြုလူငယ် ၁၅ ဦးတို့က အနာဂတ် တည်ဆောက်မည့် ခေတ်သစ်မျိုးဆက်များအတွက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်- ၂၀၂၅ ကြေညာစာတမ်းကို အတည်ပြုဖတ်ကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီက ဖိုရမ်နှလုံးသားသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖိုရမ်ကို ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။ (NVS-004)