“သွင်းကုန်အခွန်များကိုပယ်ဖျက်လိုက်လျှင် အမေရိကန်နိုင်ငံက ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံဖြစ်မည်ဟု ထရမ့် ပြော”
02 Sep
အမေရိကန်အစိုးရက အခြားနိုင်ငံများအပေါ်ချမှတ်ထားသော သွင်းကုန်အခွန်သတ်မှတ်ချက်များကို ပယ်ဖျက် လိုက်ပါက အမေရိကန်နိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျသော ကမ္ဘာ့နိုင်ငံကြီးအဆင့်သို့ ကျဆင်းသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လူမှုကွန်ရက်တွင် ရေးထားသည်။ ထရမ့်အစိုးရအဖွဲ့က ချမှတ်ထားသော သွင်းကုန်အခွန်အများစုသည် တရားမဝင်ကြောင်း ပြည်ထောင်စုအယူခံတရားရုံးက ထုတ်ပြန်ကြေညာပြီးနောက် ထရမ့် က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ ထရမ့်အစိုးရအဖွဲ့သည် ကမ္ဘာ့နိုင်ငံအများအပြားအပေါ် သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ ချမှတ်ထားခြင်း ဖြစ်သည်။ ထရမ့် က အမေရိကန်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၁၅ ထရီလီယံ အထိရှိပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုအများစုက သွင်းကုန်အခွန်သတ်မှတ်ခြင်းဖြစ်ကြောင်း သွင်းကုန်အခွန် များကို ပယ်ဖျက်မည်ဆိုပါက အမေရိကန်နိုင်ငံက ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။