“မြန်မာနိုင်ငံတော်ယာယီ သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကွန်တိန်နာများတင်ချရာတွင် AI စနစ်ကိုအသုံးပြုနေသည့် တီယန်ကျင်းဆိပ်ကမ်းကို ကြည့်ရှုလေ့လာ”
02 Sep
တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေသော မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စက်တင်ဘာလ ၁ ရက်နံနက် ၁၀ နာရီ မှာ ကွန်တိန်နာများတင်ချရာတွင် AI စနစ်ကိုအသုံးပြုဆောင်ရွက်လျက်ရှိသည့် တီယန်ကျင်းဆိပ်ကမ်းကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ ဆိပ်ကမ်းဆိုင်ရာအချက်အလက်များ၊ တီယန်ကျင်းဆိပ်ကမ်းမှနေ၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုများဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းတည်ဆောက်ခဲ့မှုနှင့် AI စနစ် အသုံးပြု၍ ကွန်တိန်နာများအား သယ်ယူပို့ဆောင်လျက်ရှိမှု၊ ကာဗွန်ကင်းစင်တဲ့ ဆိပ်ကမ်းအဖြစ်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ လေအားလျှပ်စစ်ဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌမှ သိရှိလိုတာများကို မေးမြန်းခဲ့ပါတယ်။ အဆိုပါဆိပ်ကမ်းကို ကြည့်ရှုလေ့လာစဥ် ဆိပ်ကမ်းမှ AI စနစ်သုံး ကွန်တိန်နာ တင်ဆောင်တဲ့ယာဉ်များက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးအထိမ်းအမှတ်အဖြစ် SCO စာလုံးအား သရုပ်ဖော်ပြသခဲ့ကြပါတယ်။ အဆိုပါ တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကအထူးစီးပွားရေးဇုန်ဖြစ်သည့် Tianjin မြူနီစပယ်အုပ်ချုပ်ရေးဒေသ၏ Binhai New Area (BNA)ခရိုင်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး Haihe မြစ်အနီး Bohai ပင်လယ်အော် အနောက်ဘက်ကမ်း တီယန်ကျင်းမြူနီစပယ်အုပ်ချုပ်ရေးဒေသတွင်တည်ရှိကာ တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကထောက်ပံ့နှင့် ပို့ဆောင်ရေးအချက်အခြာနေရာအဖြစ် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ ဆိပ်ကမ်းအား ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင်စတင်ဖွင့်လှစ်ခဲ့ပြီး ရေနက်ပင်လယ်ဆိပ်ကမ်းအမျိုးအစား ဖြစ်ကာ ကုန်းမြေဧရိယာ ၁၂၁ စတုရမ်းကီလိုမီတာအပါအဝင် စုစုပေါင်း ၄၇၀ ခုစတုရန်းကီလိုမီတာကျယ်ဝန်း၍ ထုတ်လုပ်ရေးဆိုက်ကပ်နေရာ ၁၄၀ ခုအပါအဝင် ဆိုက်ကပ်နေရာပေါင်း ၂၁၇ ကျော်ရှိပြီး ကွန်တိန်နာများကို တင်ချရာတွင် AI စနစ်အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။ တီယန်ကျင်း ဆိပ်ကမ်းရဲ့ ရေအနက်မှာ ၂၂ မီတာ (၇၇ ပေ)ရှိပြီး တန်ချိန် ၃ သိန်းရှိ ကြီးမားသောသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ကာ ကုန်စည်တင်ပို့မှုအနေဖြင့် တန်ချိန်သန်း ၅၀၀ ကျော်နှင့် ကွန်တိန်နာ ၁၃ သန်းကို နှစ်စဉ်တင်ပို့လျက် ရှိပြီး တရုတ်နိုင်ငံ၏ ဒေသနှင့်ပြည်နယ် ၁၄ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိပြီး တရုတ်နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာ ရဲ့ ထက်ဝက်ကျော်ရှိခဲ့ပါတယ်။ (NVS 004)