“၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ အစားထိုး လဲလှယ်ဆောင်ရွက်မည်”
02 Sep
ရန်ကုန်တိုင်းဒေသကြီးအတွင်း သွယ်တန်းထားတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ အစားထိုးလဲလှယ်ခြင်း၊ Upgrading ပြုလုပ်ခြင်းများကို ၂၀၂၅ -၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်တွင်းသဘာဝ ဓါတ်ငွေ့သုံးစွဲမှုအား အကျိုးထိရောက်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးမှာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် က ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းဖြန့်ဝေမှုများ လုပ်ဆောင်နေခြင်းမှ နေ့စဉ်သဘာဝဓါတ်ငွေ့စုစုပေါင်း ၅ ကုဗပေသန်းဆုံးရှုံးလျက်ရှိပြီး တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ခန့် ဆုံးရှုံးလျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် ဓါတ်ငွေ့ဆုံးရှုံးမှုလျော့ချနိုင်ရေးအတွက် စက်ရုံများသို့ Main Header ဖြင့် တိုင်းတာဖြန့်ဖြူးခြင်း အစီအမံများဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ပြည်တွင်းသုံးသဘာဝဓါတ်ငွေ့၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓါတ်အားကဏ္ဍတွင် အသုံးပြုနေပြီး ၈ ရာခိုင်နှုန်းကို စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ၇ ရာခိုင်နှုန်းကို သယ်ယူ ပို့ဆောင်ရေးတွင် အသုံးပြုနေကြောင်း သိရပါတယ်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းသဘာဝ ဓါတ်ငွေ့သုံးစွဲမှုအား အကျိုးထိရောက်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 004)