ပါလက်စတိုင်းအရာရှိများကို ဗီဇာပိတ်ပင်ထားခြင်းအား ပြန်လည်စဉ်းစားရန် အမေရိကန်အား အီးယူ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို

01 Sep

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ သြဂုတ်လ ၃၀ ရက်က ကျင်းပခဲ့သော ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် ပါလက်စတိုင်းအရာရှိများအား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် ငြင်းဆိုခဲ့သည့် မကြာသေးမီက ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြန်လည်စဉ်းစားရန် အမေရိကန်နိုင်ငံအား ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြားရေးဝန်ကြီးများက တညီတညွတ်တည်း တိုက်တွန်းလိုက်သည်။ မကြာမီကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်မီ ပါလက်စတိုင်းလွတ်မြောက်ရေး အဖွဲ့ချုပ်(PLO)နှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA)တို့မှ အဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် ငြင်းဆို ခြင်းနှင့် ပြန်လည်ရုပ်သိမ်းခြင်းများ ပြုလုပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၉ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အီးယူနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂါဇာကမ်းမြောင်ဒေသ၌ လူသားချင်း စာနာ ထောက်ထားမှုအခြေအနေများ ပိုမိုဆိုးရွားလာခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော်လည်း အစ္စရေးအပေါ် ပိတ်ဆို့ အရေးယူမှုများ ထပ်မံချမှတ်ရေးကိစ္စနှင့်ပတ်သက်၍မူ နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲနေကြဆဲဖြစ်ကြောင်း သိရသည်။ အီးယူနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကာဂျာကာလက်စ် က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြေအနေ များ၏ လေးနက်မှုကို ထင်ထင်ရှားရှားသဘောတူခဲ့ကြပြီး ခိုင်မာသည့် စီမံဆောင်ရွက်မှုများနှင့်ပတ်သက်၍ အများဆန္ဒနှင့်အညီ သဘောတူညီမှုမရခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ခ်ကီ ရက်စ်မက်စ်ဆန် က ထိရောက်ပြင်းထန်သည့် ဖိအားပေးမှုများမပြုလုပ်ဘဲ အစ္စရေး၏ ရပ်တည်မှုလမ်းကြောင်းကို ပြောင်းလဲနိုင်ဖွယ်မရှိဟု ယုံကြည်လက်ခံသည့် အဖွဲ့ဝင်နိုင်ငံများ ပိုများလာကြောင်း အသိပေးပြောကြားခဲ့သည်။ အစည်းအဝေးကျင်းပရာနေရာ၏ အပြင်ဘက်တွင်လည်း ဆန္ဒပြသူများကစုဝေးပြီး ဂါဇာတွင် ကြုံတွေ့ နေရသော လူသားချင်းစာနာမှုအကျပ်အတည်းအပေါ် ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဒိန်းမတ်နှင့် အီးယူတာဝန်ရှိသူများအား တောင်းဆိုခဲ့ကြောင်း သိရသည်။

01 Sep

ADVERTISE HERE .