“တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ပြိုင်ဘက်များမဟုတ်ဘဲ လက်တွဲဖော်နိုင်ငံများဖြစ်သည်ဟု ရှီကျင့်ဖျင်နှင့် မိုဒီတို့ သဘောတူ”
01 Sep
တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ပြိုင်ဘက်နိုင်ငံများမဟုတ်ဘဲ လက်တွဲဖော်နိုင်ငံများဖြစ်သည်ဟူသော အချက်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့က သဘောတူကြောင်း သိရသည်။ ကမ္ဘာ့ လူဦးရေအများဆုံးနှစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့မှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံ တီယန်ကျင်း မြို့၌ ဆောင်ရွက်သော နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များတက်ရောက်လာသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ ဩဂုတ်လ ၃၁ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ်ယခုကဲ့သို့ သဘောတူခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် တစ်နိုင်ငံက တစ်နိုင်ငံအတွက် အန္တရာယ်ရန်စွယ်မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်သူများသာဖြစ်ကြောင်း ရှီကျင့်ဖျင် က ပြောသည်။ ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ဆက်စပ်လွှမ်းခြုံနေသော ဦးတည်ချက်အတိုင်းသာ ဆက်လက်လျှောက်လှမ်း နေသမျှ ကာလပတ်လုံးနှစ်နိုင်ငံဆက်ဆံရေးတွင် တွေ့ကြုံရမည့် သီးခြားကိစ္စရပ်များမှာ နေရာကျသွားမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ပုံမှန်တိုးတက်မှုရှိလာမည်မှာ အမှန်ပင်ဖြစ်ကြောင်း ရှီကျင့်ဖျင် က ပြောကြားထားသည်။ အလားတူ ရှီကျင့်ဖျင် နှင့်ပြီးခဲ့သည့်နှစ်တွင် ကာဇန်မြို့၌ တွေ့ဆုံပြီးကတည်းက နှစ်နိုင်ငံကြား ဆက်ဆံရေးသည် အပြုသဘောဆောင်သောလမ်းကြောင်းပေါ်သို့ ပြန်လည်တက်လှမ်းလာကြောင်း၊ နှစ်နိုင်ငံ နယ်စပ် ဒေသများ၌ တည်ငြိမ်အေးချမ်းရေးလည်းရှိလာကြောင်းနှင့် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲတော့မည်ဖြစ်ကြောင်း မိုဒီက ပြောထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။