“အမေရိကန် ကွန်ဂရက်လွှတ်တော်က ခွင့်ပြုထားသည့် နိုင်ငံခြားအကူအညီ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကို ဖျက်သိမ်းရန် သမ္မတထရမ့် ကြေညာ”

01 Sep

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကွန်ဂရက်လွှတ်တော်က ခွင့်ပြုထားသည့် နိုင်ငံခြားအကူအညီ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကို ဖျက်သိမ်းရန် ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေများကို ဖျက် သိမ်းမည်ဖြစ်ကြောင်း သမ္မတထရမ့်က အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ထံ ပေးစာဖြင့် အကြောင်းကြားခဲ့သည်။ ရန်ပုံငွေ ၃ ဒသမ ၂ ဘီလီယံကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအတွက် ရည်မှန်းထားကြောင်း သိရသည်။ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏လုပ်ငန်းစဉ်လည်ပတ်မှုကို လက်ရှိတွင် ရပ်ဆိုင်းထားသည်။ ထို့ပြင် ယူနက် စကိုနှင့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ ဒေါ်လာ ၅၂၁ သန်းနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများအတွက် ဒေါ်လာ ၃၉၃ သန်းခွဲဝေသုံးစွဲမှုများလည်း ပါဝင်သည်။ သမ္မတ ထရမ့် က တရားဝင်သိမ်းဆည်းမှုထိန်းချုပ်ရေးအက်ဥပဒေနှင့်အညီ ၎င်း၏အခွင့်အာဏာကို သုံးကာ ရန်ပုံငွေသုံးစွဲခွင့်ကို ဖျက်သိမ်းခြင်းဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းသည် သမ္မတ၏“အမေရိကန်သည်သာ ပထမ" ဟူသည့် မူဝါဒကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။ သမ္မတထရမ့်၏ ရန်ပုံငွေဖျက် သိမ်းရန် ကြေညာချက်ကြောင့် အမေရိကန်ပြင်ပ အကူအညီပေးရေးလုပ်ငန်းများအပေါ် မည်မျှအကျိုးသက်ရောက်နိုင် မည်လဲဆိုသည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။ ရီပတ်ဘလီကန်အမတ်တစ်ဦးက ကွန်ဂရက်၏ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ရန်ပုံငွေဖျက်သိမ်းမှုအပေါ်ဝေဖန်ပြောကြားခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Sep

ADVERTISE HERE .