“သံမဏိအရည်အသွေးစစ်ဆေးနိုင်ရေး နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများထူထောင်ရန်ညှိနှိုင်း”
01 Sep
သံမဏိမူဝါဒထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများထုတ်လုပ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ်လ ၃၁ ရက်က နေပြည်တော် စက်မှုဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံအတွက် သံမဏိလိုအပ်ချက်၊ ထုတ်လုပ်မယ့် သံမဏိများကို အရည်အသွေးပြည့်မီနိုင်ရေး အတွက် စီမံဆောင်ရွက်နေမှု၊ ပြည်တွင်း၌ သံမဏိများကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးသံမဏိများရဲ့ အရည်အသွေးစစ်ဆေးနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများ ထူထောင်နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ မန္တလေးငလျင်ကြီးကြောင့် လူနေအိမ်အဆောက်အုံများစွာပြိုပျက်ခဲ့ပြီး ပြည်သူလူထုသေဆုံးမှုများရှိခဲ့ရပြီး နောင်တစ်ချိန်မှာ ယခုလိုထိခိုက်ပျက်ဆီးမှုမရှိစေရေးအတွက် အနည်းဆုံး ၈ ရစ်ချ်တာစကေးခံနိုင်တဲ့ အဆောက်အအုံများ ဆောက်လုပ်ရန် လမ်းညွှန်ထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြား ခဲ့ပါတယ်။ ဒါကြောင့်ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများနှင့်ပတ်သက်၍ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပမှ တင်သွင်းမှု များအပေါ် စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သံမဏိလုပ်ငန်းရှင်များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူးများက Virtual စနစ်နဲ့တက်ရောက်ခဲ့ကြပါတယ်။ (NVS 004 )