“ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းကို မန္တလေး-မူဆယ် မီးရထားလမ်းနှင့် ချိတ်ဆက်ဆောင်ရွက်မည်”
01 Sep
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်တဲ့ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး-မူဆယ် မီးရထားလမ်းကို တရုတ်နိုင်ငံမှာ ဆောက်လုပ်နေသော ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်သွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၃၁ ရက်နံနက်ပိုင်းက တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ Tangle Hotel မှာကျင်းပခဲ့တဲ့ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအကူအညီနဲ့ မြန်မာနိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများ၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ မူဆယ်-မန္တလေးမီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း၊ မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မူဆယ်မြို့က တရုတ်-မြန်မာကုန်သွယ်ရေးတွင် အရေးပါဆုံးသော နယ်စပ်ဂိတ်တည်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာသန်း ၃,၂၀၀ ကျော်အနက် သန်း ၂,၀၀၀ ကျော်က မူဆယ်-ရွှေလီ နယ်စပ်ဂိတ်မှကုန်စည်စီးဆင်းမှုများကြောင့်ရရှိခြင်းဖြစ်၍ ယင်းမီးရထားလမ်းစီမံကိန်းက တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက်မရှိတဲ့ တောင်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံမှတစ်ဆင့် ပင်လယ်ထွက်ပေါက် ရရှိစေနိုင်သော အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်၍ ကုန်သွယ်နိုင်မည်ဆိုပါက မြန်မာ-တရုတ် နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေးကောင်းမွန်တဲ့ ရုရှားနိုင်ငံအထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများလည်း ရှိသည်ကို တွေ့ရှိရကာ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အလယ်မှာ တည်ရှိရာ မြန်မာ-တရုတ်-ရုရှား သုံးနိုင်ငံပူးပေါင်းပြီး ကုန်သွယ်ရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ဒေသတွင်းကုန်စည်စီးဆင်းမှုကို များစွာအထောက်အကူပြုနိုင်တဲ့ အခွင့်အလမ်းကောင်းများထွက်ပေါ်လာနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 004 )