“မြန်မာ - အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များ ကုန်သွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများအတွက် ဆွေးနွေး”

01 Sep

တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi တို့က သြဂုတ်လ ၃၁ ရက်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှရီ နရင်ဒရာ မိုဒီ က မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း ဦးစားပေးရေးမူဝါဒအရ အရေးပါတဲ့မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေး၊ ချိတ်ဆက် ဆောင်ရွက်ရေး၊ စွမ်းအင်၊ မြေရှားသတ္တုတူးဖော်ရေး နှင့် လုံခြုံရေးကဏ္ဍများမှာ ၂ နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် အတွက် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များကို စေလွှတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေး၊ နှစ်နိုင်ငံအစိုးရချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ကြားပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံကို SCO အဖွဲ့ဝင်ဖြစ်စေရေးအတွက် အိန္ဒိယနိုင်ငံမှထောက်ခံပေးလျက်ရှိမှုနှင့် အခြားကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက် လက်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

01 Sep

ADVERTISE HERE .