“မြန်မာ့ ဒူးရင်းသီးစိုက်ပျိုးမှုအတွက် လိုအပ်သောနည်းပညာပိုင်းဆိုင်ရာများ ဆွေးနွေးပွဲပြုလုပ်သွားမည်”

29 Aug

ဒူးရင်းသီးစိုက်ပျိုးရာတွင် လိုအပ်သောနည်းပညာပိုင်းဆိုင်ရာများနှင့် လက်တွေ့စိုက်ပျိုးနည်းစနစ်ပိုင်း ဆိုင်ရာများ အတွက် ပညာရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ လပြည့်ဝန်းပလာဇာ ပထမထပ်၌ နံနက် ၉ နာရီမှ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးကို ပြည်ပဈေးကွက်များသို့ ပိုမိုကောင်းမွန်သော အရည်အသွေးများဖြင့် တင်ပို့နိုင်ရန်၊ စိုက်ပျိုးရာတွင် ဇီဝနည်းပညာအသုံးပြုခြင်း၊ မြေပြုပြင်ခြင်း၊ မြေဩဇာ စနစ်တကျကျွေးခြင်း၊ ဒူးရင်းပင်တွင် ကျရောက်တတ်တဲ့ ရောဂါများအကြောင်း၊ ဒူးရင်းပိုးကျခြင်းနှင့် လွဲမှားနေသော အယူအဆများအကြောင်း စသည်တို့အပြင် လက်တွေ့ အသုံးပြုလျက်ရှိတဲ့ နည်းစနစ်များနှင့် လက်တွေ့စိုက်ပျိုးရာတွင် အသုံးပြုသောနည်းစနစ်များကို ပေါင်းစပ်ပေးနိုင်ရန် ရည်ရွယ်ကာ အဆိုပါဆွေးနွေးပွဲကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးသီးနှံများထဲမှ ဒူးရင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုကောင်းမွန်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။ ပုဂ္ဂလိကအခန်းကဏ္ဍမှ ဒူးရင်းစိုက်ပျိုးသီးနှံ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် တတ်နိုင်သည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် ပြည်တွင်း၌စိုက်ပျိုးသော ဒူးရင်းသီးနှံများအား နည်းစနစ်ပိုင်း ဆိုင်ရာများဖြင့် လက်တွေ့စိုက်ပျိုးကာ တင်ပို့မှုများကို ပိုမိုပြုလုပ်သွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် ပြည်တွင်း၌ ဒူးရင်းသီးစိုက်ပျိုးရာတွင် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး အချို့သော စိုက်ပျိုးရေးခြံများတွင် ပြောင်းလဲနေသောနည်းစနစ်များကို အသုံးပြုမှု အားနည်းလျက်ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတကာတွင်အသုံးပြုနေသော နည်းစနစ်ပိုင်းဆိုင်ရာများကို ပြည်တွင်း၌ အသုံးပြုသည့်နည်းပညာများဖြင့် တွဲဖက်အသုံးပြုမှုများလည်း ပိုမိုလိုအပ်ကာ တွဲဖက်အသုံးပြုမှသာ နိုင်ငံတကာဈေးကွက်သို့ အခြားသော ပြည်ပနိုင်ငံများနဲ့ ယှဉ်ပြိုင်၍ တင်ပို့မှုများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ လူဦးရေ ၂၀၀ နီးပါး ပါဝင်နိုင်အောင် ဆောင်ရွက်ထားရှိပြီး မြေဆီလွှာပညာရှင် Head of Land use division General Manager(ငြိမ်း) ဦးကျော်ရီ၊ Chief Consultant GAP သဘာဝမြေသြဇာ ပါမောက္ခ(ငြိမ်း) ဒေါက်တာ မြင့်လွင်၊ ဒေါက်တာကြင်ကြင်ဝင်း၊ ဒူးရင်းမျိုးသန့်ခြံ ကန်ကလေးမန်နေဂျာ ဦးမျိုးတင့်အောင် နှင့် အခြားသော ပညာရှင်များ ပါဝင်ဆွေးနွေးသွားမှာဖြစ်လို့ ပါဝင်လိုသူများအနေဖြင့် အခမဲ့တက်ရောက်နိုင်ကြောင်း သိရပါတယ်။ (NVS-004)

29 Aug

ADVERTISE HERE .