“၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ရောင်းချပေး မည်”
29 Aug
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်စွဲဖြင့် ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် ၂၀၀ နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် ၇၀၀ တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၅၂) နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃ဝ ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။ လျှောက်လွှာများကို ကျောင်းတွင်းမှဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများအတွက် ဖြေဆိုခွင့်လျှောက်လွှာ များကို သက်ဆိုင်ရာကျောင်းများနှင့် ပြင်ပမှဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်စေလွှတ်၍ လာရောက် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံများကို ဖြေဆိုမည့်ဘာသာတွဲအလိုက် အစိမ်းရောင် နှင့် ပန်းရောင် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/ ကျောင်းသူများအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လျှောက်လွှာတစ်စောင်ချင်းစီတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများကိုကပ်၍ မိမိတို့ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း တင်သွင်းကြရမှာဖြစ်ပါတယ်။ ထိုနည်းတူ ပြင်ပမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများနှင့် လျှောက်လွှာများဝယ်ယူပြီး ဖြေဆိုခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် အဆိုပါငွေသွင်းတံဆိပ်ခေါင်းကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူး ရုံး၌ တင်သွင်းကြရမှာဖြစ်ပါတယ်။ လျှောက်လွှာများကို သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများအနေနဲ့ စာမေးပွဲဖြေဆိုခွင့် ရရှိမှာမဟုတ်ကြောင်း၊ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားတို့တွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြား ဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်မပြုကြောင်းနှင့် မိမိတို့ဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး ဖြေဆိုမည့်သူကိုယ်တိုင် ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။ (NVS-004)