“ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရန် လာမည့် နွေစပါးရာသီမှစတင်၍ မြို့နယ် ၁၀၀ ခန့်တွင် Exporter ကုမ္ပဏီ ၅၀ ကျော်ဖြင့် ဧက ၃ သိန်းဝန်းကျင် ဆောင်ရွက်မည်”

29 Aug

ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမား၏ ကုန်ထုတ်လုပ်မှု စွမ်းအားတိုးတက်စေရေးအပြင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် တောင်သူများနှင့် Exporter ကုမ္ပဏီများ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် Rice Export Zone များကို မြို့နယ် ၁၀၀ ခန့်တွင် လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးရာသီမှစတင်၍ Exporter ကုမ္ပဏီ ၅၀ ကျော်ဖြင့် စိုက်ပျိုးဧက ၃ သိန်းဝန်းကျင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါ တယ်။ Rice Export Zone များ ဖော်ဆောင်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များနှင့် နိုင်ငံတကာသို့ ဆန်/ဆန်ကွဲ တင်ပို့နိုင်မည့် ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို သြဂုတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် Rice Export Zone များ သတ်မှတ်ဆောင်ရွက်ရေးအပြင် Rice Export Zone တစ်ခုလျှင် အနည်းဆုံး တစ်ကွင်းတစ်စပ်တည်း ဧက ၃၀၀ စိုက်ပျိုးရန်နှင့် Export မျိုးကွဲ (၃)မျိုးထက် မပိုစေရန်၊ သဘာဝနှင့် ဇီဝမြေဩဇာများသုံးစွဲခြင်းစနစ်အား အကောင်အထည်ဖော်ရန်တို့ကို ဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး စပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်၊ Exporterကုမ္ပဏီများနှင့် တောင်သူများ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အနည်းဆုံး (၃) ရာသီ ပူးပေါင်းစိုက်ပျိုးထုတ်လုပ်ရန်နှင့် ပြည်ပပို့ကုန် ဆန်/ ဆန်ကွဲ (၄)တန်လျှင် Export Zone (၁)ဧက ရည်မှန်းပြီး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရပါတယ်။ Rice Export Zone များ ဖော်ဆောင်နိုင်ခြင်းဖြင့် နိုင်ငံတကာစျေးကွက်၌ ဆန်စျေးနှုန်းများ အလွန်ကျဆင်းနေချိန် တွင် Exporter များမှ Zone အတွင်းပါဝင်သည့် စပါးစိုက်တောင်သူများထံမှ သင့်တင့်မျှတသော စပါးစျေးနှုန်းများဖြင့် ဝယ်ယူပေးခြင်းဖြင့် တောင်သူလယ်သမားအတွက် အရည်အသွေးပြည့်မီသည့် Export ဆန်စပါးများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Zone အတွင်း ပါဝင်ဆောင်ရွက်သည့် တောင်သူလယ်သမားများအတွက် ပံ့ပိုးပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူရရှိနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ် ငွေကြေးများ ပိုမိုထောက်ပံ့ရရှိရေး လယ်ယာမြေ အဆင့်မြှင့်တင်ရေးတို့ကိုလည်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူ Exporter များအတွက် ပြည်ပသို့ အရည်အသွေးမီသည့် ဆန်ပို့ကုန်များရရှိနိုင်ပြီး Export Zone တွင် ပါဝင်သော တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ၊ Exporter များအတွက် နိုင်ငံတကာစျေးကွက်ရရှိရေးနှင့် Export Financing ရရှိရေးကိစ္စများ၊ Export Zone များ၌ စနစ်တကျကြီးကြပ်ကွပ်ကဲမည့် စနစ်များကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆက်လက်ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

29 Aug

ADVERTISE HERE .